ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်ဦးထုပ်ဆောင်း၊ မဆောင်း စစ်ဆေးဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ယောက်ကို တယောက် ငွေ ၂ သိန်းအထိ တောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်က ဒေသခံတွေကို ဆိုင်ကယ်ဦးထုပ်ဆောင်း မဆောင်းစစ်ဆေးကာ ဒေသခံ ၅ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခဲ့တဲ့ ဒေသခံတယောက်ကို ငွေကျပ် ၂ သိန်းအထိ တောင်းပြီး ဇူလိုင် ၁၇ ရက်က ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပိုက်ဆံ ၂ သိန်းက စစ်သားတွေကို ပေးရတာ။ မောင်းတဲ့တယောက်က ဆိုင်ကယ်ဦးထုပ်ပါတယ်။ အနောက်လိုက်တဲ့ တယောက်က ဦးထုပ်မရှိလို့ မဆောင်းမိတာကို ဖမ်းခဲ့တာ။ မနေ့က ပြန်လွှတ်ပေးတာ။ နောက်တခါဆို လူကိုဖမ်းထောင်ချမယ်လို့ ပြောသေးတယ်” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ယောက်ကို စစ်ကောင်စီတပ်က မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ပြန်လွတ်ချင်ရင် စစ်ကောင်စီတပ်ကို ငွေပေးဖို့ စစ်ကောင်စီတပ်သားတယောက်က ပြောဆို တောင်းယူတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က ဦးဆောင်ပြီး ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်နေတာ။ ဆိုင်ကယ်တွေကို နေ့တိုင်း ရဲစစ်ရင်စစ်၊ မစစ်ရင် စစ်ကောင်စီတပ်က စစ်တာ။ စစ်နေတဲ့ စစ်သားတွေ၊ ရဲတွေကလည်း အချိန်ပြည့် မူးနေတာ။ လမ်းဆုံလမ်းခွတွေမှာ ပုန်းစောင့် စစ်ဆေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးဆောင်ပြီး အလုပ်သွားချိန်၊ ရုံးတက်ချိန်တွေမှာ နေ့စဉ်နီးပါး မြို့တွင်း လမ်းဆုံနေရာတွေမှာ အလုပ်သမားတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်တွေပါမကျန် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။