Home
မြန်မာသတင်း
ပြည်တွင်းတွင် ဆေးဝါးဝယ်ယူရခက်ခဲပြီး ဈေးနှုန်းမြင့်တက်နေ
DVB
·
July 18, 2024

ပြည်တွင်းမှာ ဆေးဝါးပြတ်လပ်မှု မရှိစေရေး ရည်ရွယ်ကာ မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဆေးဝါးတိုက်ရိုက် ရောင်းချပွဲ ရန်ကုန်မှာ ပြုလုပ်နေပေမဲ့ လက်တွေ့မှာတော့ ဆေးဝါးတွေ ဝယ်ယူရခက်ခဲနေပြီး  ဈေးနှုန်းမြင့်တက်နေပါတယ်။ 

၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ အမျိုးမျိုး ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် လိုအပ်တဲ့ နေရာတွေဆီ ဆေးဝါး မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာတယ်လို့ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းမှာ အထူးသဖြင့် နာတာရှည်ရောဂါသမားတွေအတွက် ဆေးဝါးတွေ ဝယ်ယူရခက်နေပြီး အခြေခံ အိမ်သုံးဆေးဈေးနှုန်းလည်း သုံးဆကနေ ငါးဆလောက်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နေ မငြိမ်းငြိမ်းက “ကျောက်ကပ်သမားတွေပေါ့။ အဲ့လို နာတာရှည်ကိုမှ ရောဂါအကြီးတွေဆို ဆေးတွေ ပြတ်လပ်တယ် ကြားတယ်။ အသိမိတ်ဆွေ တယောက်ဆို ကျောက်ကပ်ဆေးနေရတာ။ သူတို့ဆို ကျောက်ကပ်ဆေးတွေ မရတော့ဘူး။ ဒါပေမဲ့တော့ ရောဂါသေးသေးလေးတွေ ဖျားတာနားတာ၊ ချောင်းဆိုးတာ၊ ဒီလိုဆေးတွေတော့ ရတော့ ရသေးတယ် ဈေးကွက်မှာ။ ဒါပေမဲ့ ဈေးတွေက တက်နေတယ် ထင်တယ်။ ကျမ မနေ့ကဆို ၂ သောင်းခွဲ ပေးလိုက်တာ။ ဆေးလေး ၂ ကတ်နဲ့ ချောင်းဆိုးပျောက်ဆေး ငုံဆေး အလုံး ၂၀ ကို တသောင်းနီးပါးလောက် ကျသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားမှုနဲ့ ပြည်တွင်းမှာ ဆေးဝါးပြတ်လပ်မှု မရှိစေရေးနဲ့ ဈေးမတက်စေဖို့ ဆေးဝါးတိုက်ရိုက် ရောင်းချပွဲ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။

အခြေခံအိမ်သုံးဆေးကစ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ကင်ဆာဆေးဝါးတွေအထိ ရောင်းချနေပြီး တကယ်လိုအပ်ပါက လနဲ့ချီအသုံးပြုနိုင်တဲ့ ဆေးဝါးပမာဏတွေကိုပါ ရောင်းချပေးသွားမယ်လို စုပေါင်းရောင်းချပွဲ စီစဉ်သူတယောက်က ပြောပါတယ်။

“ဆေးဝါးကတော့ အစုံပါပဲ။ အခြေခံ အိမ်သုံးဆေးဝါး ပါရာစီတမောက စလို့ နှလုံးဆေး၊ သွေးတိုးကျဆေး၊ ဆီးချိုရောဂါပျောက်ဆေး၊ ကင်ဆာဈေး အစစအရာရာ အစုံပဲပေါ့ ရောင်းချပေးပါတယ်။ ဈေးနှုန်းကတော့ ကုမ္ပဏီကနေ တိုက်ရိုက်ရောင်းချတာ ဖြစ်တဲ့အတွက်ကြောင့် ဈေးနှုန်းက သက်သက်သာသာနဲ့ဝယ်ယူရရှိမယ်။ ကုမ္ပဏီကနေ Discount တွေ ချပေးထားတာလည်းရှိမယ်။ ကုမ္ပဏီက တိုက်ရိုက်ရောင်းတာဖြစ်လို့ ဈေးနှုန်းကတော့ သက်သာတယ်။ အများပြည်သူကို တိုက်ရိုက်ရောင်းချတာဖြစ်လို ကိုယ့်ပြည်သူတွေ လိုအပ်တဲ့ ဆေးဝါးတွေတွေကအစ တလစာ၊ နှစ်လစာ တကယ်သုံးစွဲတဲ့ ပမာဏကိုတော့ ရောင်းချပေးပါတယ်။”

ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ လမ်း ၃၀ ထောင့်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဦးစီးရုံးမှာ ဇူလိုင် ၁၇ ရက်ကစလို့ ဆေးကုမ္ပဏီတွေ စုပေါင်းပြီး နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ရောင်းချပေးနေတာပါ။ 

ဆေးဝါးရောင်းချပွဲကို လာရောက်ခဲ့တဲ့ အမျိုးသမီးကြီးတဦးကတော့ ဆေးဝါးအခက်အခဲနဲ့ ပတ်သက်ပြီး အခုလို  ပြောပါတယ်။

“ဆေးတွေက အရမ်းဈေးတက်တာလေ။ ဟိုတလောကပဲမေးတာ ၂၄,၀၀၀၊ အခု ၃၀,၀၀၀ ဖြစ်သွားပြီ။ နောက်အရက်ပြန်ပေါ့။ ဟိုတစ်လောက မေးတာ ၁,၉၀၀၊ အခု ၃,၀၀၀ဖြစ်သွားပြီ။ အိမ်က ပစ္စည်းမှာတော့ များနေတော့ ဒီမှာက စုဖွင့်တာ၊ ဒီမှာများ သက်သာမလားလိုဆိုပြီး ဈေးမဝယ်ဘဲ  ဒီကိုပြေးလာတာ လွတ်သွားတယ်။ ဆိုင်ကပိတ်သွားပြီ။”

လက်ရှိကာလမှာ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် သွင်းကုန်လိုင်စင်ရဖို့ ကြန့်ကြာခက်ခဲတာ၊ နိုင်ငံခြားငွေဈေး မြင့်တက်တာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိမ်သုံး ဖျားနာကိုက်ခဲ အခြေခံဆေးတွေက စလို့ နာတာရှည် ဆေးဝါးတွေအထိ ဈေးမြင့်တက်နေတာပါ။

ပြည်တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်း၊ ရခိုင်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်နီပြည်နယ်တို့က စစ်ရှောင်စခန်းတွေမှာ ဆေးဝါး မလုံလောက်တဲ့ အခက်အခဲတွေ ကြုံနေရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013