မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ် မောင်းနှင်လာတဲ့ စစ်ကောင်စီတပ် ကားတစီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၇ ရက်ညနေမှာ ချုံခိုတိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်း အပါအဝင် တပ်သား ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတုန်းမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
မင်းတုန်းပကဖတာဝန်ခံ ကိုဗဟိန်းက “ညနေ ၅ နာရီ မိနစ်၂၀ လောက်မှာ ဆော်လိုက်တာ၊ သူတို့က တိုင်းတားရွာဘက်ကနေ လာတာ၊ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း၊ ကျောက်တိုင်ကျေးရွာနဲ့ ပန်းပင်ကုန်းကျေးရွာ အကြားကနေ စောင့်ပြီး တိုက်ခိုက်လိုက်တာ၊ သူတို့က အင်အား ၄၀ လောက်ပါတယ်၊ အဖြူရောင် ဖောကားနဲ့၊ ပြန်တော့ ရသလောက်ပစ်သေးတယ်၊ နောက် သူတို့ကားကို မင်းတုန်းဘက်ကို မောင်းပြေးသွားတာ။ အခု မင်းတုန်းဆေးရုံမှာ တခြားလူနာတွေ အကုန်လုံးကို ချက်ချင်းဆင်းခိုင်းပြီး ဆေးရုံကိုပါ ပိတ်ပစ်လိုက်တယ်။ သူတို့လူတွေကိုပဲ ကုဖိုဆိုပြီး။ အဲဒီမှာ မင်းတုန်းက UG တွေဆီကသိရတာ ၆ ယောက်သေပြီး ၁၅ ယောက် ဒဏ်ရာရတယ်ဆိုတာနဲ့ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းလည်း အခြေအနေမကောင်းဘူးလို့ပဲ သိရတာ” လို့ ပြောပါတယ်။
ဒေသခံတဦးက “မင်းတုန်းမြို့က ညကတည်းက ဆေးရုံကလူနာတွေ ဆင်းခိုင်းပြီး မြို့ထဲကိုလည်း မီးဖြတ်လိုက်တယ်။ ဆေးရုံမှာ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ စစ်သားတွေ သယ်လာလို့တဲ့။ မနက်ကျတော့ ဒဏ်ရာရသူတွေထဲက ပြင်းထန်တဲ့ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းနဲ့ တခြား ပြင်းထန်ဒဏ်ရာရသူတွေကို အရေးပေါ် သရက်ဆေးရုံကို လာသယ်သွားတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ သရက်ထွေအုပ်ရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မဖြေကြားခဲ့ပါဘူး။
သရက်မြို့ဒေသခံတွေ ပြောပြချက်အရ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းက ဝမ်းဗိုက်၊ ပေါင်နဲ့ လက်မောင်း ၃ နေရာမှာ ကျည်ထိမှန်ပြီး သရက်ဆေးရုံ အရေးပေါ်ခန်းမှာ ကုသနေဆဲရှိပြီး ကျန်တဲ့ ဒဏ်ရာပြင်းထန်သူတေွရဲ့ အခြေအနေကိုလည်း ဆက်လက်စုံစမ်းနေဆဲပဲလို့ ဆိုပါတယ်။