စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က မင်းကျေးရွာအနီးမှာ ပျူစောထီးတွေနဲ့ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ပျူစောထီးတဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ Student's Revolutionary Force (S.R.F) ဆီကနေ သိရပါတယ်။
S.R.F ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့တပ်ဖွဲ့ဝင်တွေက မင်းကင်းရွာနားမှာ ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ မိုင်းရှင်းပေးနေတုန်း အဲဒီရွာထဲကနေ စစ်သားနဲ့ ပျူတွေ ထွက်လာပြီး သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တာပါ။ အဲဒါနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်သွားတာ” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ပျူစောထီးတဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိကာ နင်းမိုင်း ၅ လုံး ရှာဖွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဖမ်းမိတဲ့ ပျူ ၂ ကောင်ကိုတော့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်နေပါတယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး” လို့ S.R.F တာဝန်ခံတဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ မင်းကင်းမြို့နယ်ထဲက တင်ဘက်ကျေးရွာ၊ ပျူစောထီးစခန်းကိုလည်း Student's Revolutionary Force (S.R.F) ရဲ့ ဒရုန်းတပ်စိပ်ဖြစ်တဲ့ Eagle 1 အဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပျူစောထီးတဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၁၁ ရက်ကစပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတဦးက “ပျူစောထီးရွာ ၂ ရွာနဲ့ နယ်မြေရဲစခန်း ၁ ခုက စစ်သား၊ ရဲနဲ့ ပျူတွေ ထွက်ပြေးသွားကြတာ။ တယောက်မှ မကျန်ဘူးဗျ၊ အကုန်လုံးပဲ။ အင်အားကတော့ ၃ နေရာပေါင်း ၇၀ နီးပါး ရှိလိမ့်မယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးတွေ စွန့်ခွာသွားတဲ့ တပ်စခန်းတွေဟာ ကူးတို့ဆိပ် ပျူရွာစခန်း၊ မြင်းစီးပျူရွာစခန်းနဲ့ ဆင်အင်းနယ်မြေ ရဲစခန်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းကို ဇူလိုင် ၁၄ ရက်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အထိနာပြီး အဆိုပါစခန်းတွေက စစ်ကောင်စီတပ် လက်အောက်ခံတွေဟာ စခန်းစွန့်ခွာသွားကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မြင်းစီးပျူစခန်းက ကောင်တွေက ၁၁ ရက်နေ့လောက်ကတည်းက ပြေးကြတာ။ ကူးတို့ဆိပ်နဲ့ ဆင်အင်း ပျူစခန်းတွေက ကောင်တွေကတော့ တိုက်ပွဲမှာ အထိနာပြီး ၁၄ ရက်နေ့မှ ပြေးကုန်ကြတာ။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေ ထွက်ပြေးစွန့်ခွာသွားတဲ့ တပ်စခန်းတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေေဖာ်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မြင်းစီးကျေးရွာနဲ့ ၁ မိုင်ဝန်းကျင်က တဲတိုက်မှာ နေထိုင်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်သူ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကော်မရှင် ရပ်ကျေးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးလင်းနဲ့ သူ့ရဲ့မိသားစုဝင်ဖြစ်တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် မိသားစုဝင် ၆ ဦးကို မြင်းစီးပျူစောထီးကျေးရွာက စစ်ကောင်စီရဲ့ သူရဘွဲ့ ချီးမြှင့်ခံထားရသူ ပျူစောထီးခေါင်းဆောင် ဌေးအောင်နဲ့အဖွဲ့က မိသားစုလိုက် အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။