Home
မြန်မာသတင်း
စစ်ကောင်စီက အာဏာသိမ်းသက်တမ်း  ၆ လ ထပ်တိုးပြီး ရွေးကောက်ပွဲလုပ်နိုင်ဟု သုံးသပ်
DVB
·
July 16, 2024

အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အာဏာကို နောက်ထပ် ၆ လ သက်တမ်းထပ်မံတိုးယူဦးမှာဖြစ်ပြီး အဲဒီကာလဟာ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် ပြင်ဆင်မှာလို့  နိုင်ငံရေးပါတီတွေက ယူဆနေကြပါတယ်။

စစ်ရေး၊ နိုင်ငံရေးနဲ့ တိုင်းပြည်ရဲ့စီးပွားရေးအားလုံးကို ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ရာထူးအာဏာစွန့်ပြီး တခြားတယောက်နဲ့ အစားထိုးဖို့ တရုတ်နိုင်ငံအပါအဝင် စစ်တပ်ကိုထောက်ခံသူတွေရဲ့ ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပေမဲ့ ဒီလကုန်မှာ ၆ လသက်တမ်းတိုးယူထားတာပြည့်မယ့် စစ်တပ်ခေါင်းဆောင်ဟာ နောက်ထပ် ၆ လ တကြိမ် သက်တမ်းထပ်တိုးယူအုံးမှာလို့  နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင်က  ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနှစ် အုပ်ချုပ်မယ်လို့ ကြေညာပါတယ်။

အဲဒီနောက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လိုသလို အဓိပ္ပါယ်ဖွင့်ပြီး အာဏာသိမ်းကာလ တနှစ်ပြီးနောက်ပိုင်းကစလို့ ၆ လ စီသက်တမ်းတိုးယူလာခဲ့ပါတယ်။ အခုတကြိမ် ၆ လ သက်တမ်းထပ်တိုးယူတာက ၂၀၂၅ ခုနှစ်ထဲမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်တာလို့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ  ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

“တိုးမှာ တိုးမှာ အဲတိုးတဲ့ကာလဟာ ရွေးကောက်ပွဲကို လုပ်ပေးမယ့်ကာလပဲ။ ၁ ရက်နေ့မှာ ကာလုံနဲ့တွေ့မယ် လက်ရှိသမ္မတကို အစီရင်ခံစာတင်မှာပဲ။ အဲဒီအခါမှာ နောက်ထပ် ၆ လာ အာဏာလွှဲပေမယ်။ အဲဒီလွှဲပေးတဲ့ ၆ လဟာ ရွေးကောက်ပွဲလုပ်ရုံ သက်သက်ပဲ။ အပြင်အဆင်ပေါ့ဗျာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကလည်း စည်းရုံးရေးဆင်းတာတို့ ဟောပြောပွဲလုပ်တာတွေ အဲဒီအချိန်မှာ ဥပဒေတွေအားလုံးထွက်လာလိမ့်မယ်လို့ယူဆတယ်။ အဲဒီ ၆ လအတွင်းမှာ ပြီးအောင်ရွေးကောက်ပွဲလုပ်မှာပဲ။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတအဖြစ် ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း ဆောင်ရွက်လိမ့်မယ်။ အဲဒါရွေးကောက်ပွဲကို ပြီးအောင် လုပ်လိမ့်မယ်။”

လက်ရှိအချိန်မှာ တနိုင်ငံလုံးနီးပါးတိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေဟာ ကန့်သတ်မှုတွေရှိလာသလို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို တဖြည်းဖြည်း ရောက်လာတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ နောက်ထပ် ၆ လ သက်တမ်းတိုးယူနိုင်တာကြောင့်  ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှုအောက်မှာရှိနေတဲ့ တိုင်းဒေသကြီးတွေမှာတောင် ရွေးကောက်ပွဲလုပ်ခဲ့ရင် အဲဒီဒေသမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုနဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို အာဏာသိမ်းစစ်ကောင်စီဘက်က ဘယ်လောက်အတိုင်းအတာထိ ကာကွယ်နိုင်မလဲဆိုတဲ့အပေါ်မှာ သံသယဖြစ်မိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက  ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “ပြည်မကြီးထဲမှာရှိတဲ့ဒေသခံ PDF တွေကိုရော သူတို့ ဘယ်လိုထိုးဖောက်မလဲ။ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးမှာတဲ့လား။ အထမြောက်အောင်မြင်ပါ့မလား။ ဖြစ်နိုင်ခြေကတော့ အတော်ကိုနည်းတာ ၄ ခရိုင် ၅ ခရိုင်ပဲ လုပ်မယ်ဆိုရင်တော့ အတော်ကို စွန့်စွန့်စားစားလုပ်ရမှာ”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ဟာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံကို ပြန်လည်လွှဲအပ်ခဲ့ရင် အဲဒီကောင်စီက ကြားဖြတ်အစိုးရအဖွဲ့တခုကို ဖွဲ့စည်းရမှာဖြစ်ပေမဲ့ အခုချိန်ထိ ကြားဖြတ်ဖွဲ့မယ့် သတင်းမကြားရတဲ့အတွက် နောက်ထပ် ၆ လ  သက်တမ်းထပ်ပြီး တိုးနိုင်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ   ဦးကျော်စွာစိုးက ပြောပါတယ်။

“၆ လ သက်တမ်းတိုးလိုက်ရင်လည်း ၂၀၂၅  ဇန်နဝါရီလမှာ ပြန်ပြည့်မှာ  တနှစ်အတွင်း ကျင်းပရမယ်ဆိုရင်လည်း ဘောင်ဝင်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ၂၀၂၅ ခုနှစ် ၁၁ လပိုင်း ဆိုတော့ ၈ လ ၉ လအတွင်းမှာ ရွေးကောက်ပွဲလုပ်ပေမယ့် သဘောပါပဲ။”

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုပြီး ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အစိုးရမဖွဲ့ခိုင်းဘဲ နိုင်ငံတော်သမ္မတအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစိုးရအကြီးအကဲတွေကို ဖမ်းဆီးပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတယ်။

အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲအပ်ခြင်းမရှိတော့ဘဲ ၆ လ စီ သက်တမ်း အကြိမ်ကြိမ်တိုးယူပြီး နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းပိုက်ထားတာပါ။

 အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013