Home
မြန်မာသတင်း
အပစ်ရပ်ထားစဉ် စစ်တပ်က ထိုးစစ်ဆင်လာပါက ပြန်လည်တိုက်ခိုက်မည်ဟု TNLA ပြော
DVB
·
July 16, 2024

တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုအပေါ်မှာ အပစ်ရပ်ထားတဲ့ ကာလအတွင်း စစ်ကောင်စီက ထိုးစစ်ဆင်မယ်ဆိုရင်တော့ ခုခံတိုက်ခိုက်သွားမယ်လို့ TNLA က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA နဲ့ MNDAA တပ်ဖွဲ့တွေဟာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အခုလ ၁၄ ရက်ကနေ ၁၈ ရက်အထိ ၄ ရက်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်လာရင်တော့ ပြန်လည်ခုခံတိုက်ခိုက်မယ်လို့ TNLA သတင်းပြန်ကြားရေးဝာာဝန်ခံ လွေးယေဦးက ပြောပါတယ်။

“တရုတ်နိုင်ငံက ရှမ်းမြောက်မှာဖြစ်နေတဲ့ စစ်မီးတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် စိုးရိမ်တယ် ဆိုတဲ့အပေါ်မှာ ကျမတို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အပစ်ရပ် ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင်တော့ မိမိကိုယ်မိမိ ခုခံပိုင်ခွင့်ရှိပါတယ်။”

တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့က အပစ်ရပ်ထားပေမဲ့ မနေ့ည ၉ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် ဘန့်​ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းကို ဒရုန်းနဲ့ တဖက်သတ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ ရေဝင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နောင်ချို သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းကို ည ၁၀ ကျော်မှာ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

TNLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပဲ အပစ်ရပ်ထားတာဖြစ်ပြီး မန္တလေးတိုင်းဘက်က စစ်ရေးအခြေအနေကတော့ အကျုံးမဝင်ဘူးလို့ လွေးယေဦးက ဆက်ပြောပါတယ်။

TNLA အနေနဲ့ ၁၀၂၇ အပိုင်း ၂ ကို ရှမ်းပြည်နယ်မြောက်ပိုင်းသာမက မန္တလေးတိုင်း၊ မတ္တရာ၊ မိုးကုတ်မြို့တို့မှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ္တရာက တပ်စခန်းတွေ၊ နောင်ချိုမြို့၊ မိုးကုတ်အနောက်ခြမ်းတို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိန်းချုပ်ထားနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013