ရှမ်းပြည်မြောက်ပိုင်းက နေရာတချို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား အငြင်းပွားမှုတွေကို FPNCC ရဲ့ ကြားဝင်မှုနဲ့ ဆွေးနွေးအပြီး ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း SSPP နဲ့ TNLA တို့ အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား နှစ်ဖက်ကျဆုံးမှုတွေဖြစ်တဲ့အထိ ပစ်ခတ်မှုတွေ၊ အငြင်းပွားမှုတွေရှိခဲ့ပြီး အပြန်အလှန်ထုတ်ပြန်ချက်တွေနဲ့ စွပ်စွဲခဲ့ကြတာပါ။
TNLA ပြောခွင့်ရသူ လွေးယေဦးက “လွန်ခဲ့တဲ့ ဒီ ၁ ရက်၊ ၂ ရက်အတွင်းမှာ FPNCC က ကျမတို့ SSPP နဲ့ TNLA ကို ခေါ်ယူပြီးတော့မှ လက်ရှိဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေ၊ ထိခိုက် ပွတ်တိုက်မှုတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကတော့ အောင်မြင်သွားတယ်” လို့ ပြောပါတယ်။
TNLA ဘက်က အသေးစိတ်မပြောပေမယ့် ရှမ်းမြောက်သတင်းရင်းမြစ်တခုကတော့ “ဝ” တပ်ဖွဲ့ UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့မှာ ဇူလိုင် ၁၃ ရက်က SSPP ဘက်က ဒုတိယ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးခွန်စိုင်း ဦးဆောင်ပြီး TNLA ဘက်ကတော့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း ဦးဆောင်ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။
လွေးယေဦးက “နောက်နောင်ဆိုရင်လည်း ပွတ်တိုက်မှုတွေ နားမလည်မှုတွေမဖြစ်ရလေအောင် ကျမတို့က ကြိုတင်တားဆီးမှာဖြစ်ပြီးတော့မှ လက်ရှိ ဒီအခြေအနေက နှစ်ဦးနှစ်ဖက် ထိတွေ့မှုတွေကတော့ ရပ်ဆိုင်းသွားပြီဖြစ်ပါတယ်” လို့ ဆက်ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို SSPP က နှောင့်ယှက်တာကြောင့် ကန့်ကွက်ကြောင်းနဲ့ ထိန်းသိမ်းပေးဖို့ TNLA က ဇူလိုင် ၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၉ ရက်မှာတော့ SSPP က TNLA ရဲ့စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး သူတို့အနေနဲ့ ခုခံမှုတွေကိုပဲ ပြုလုပ်တာလို့ ထပ်မံထုတ်ပြန်ခဲ့အပြီး အခုလို ဆွေးနွေးမှုဖြစ်လာခဲ့တာပါ။
ဒါအပြင် ပြည်သူ့လုံခြုံရေးအတွက်ဟုဆိုတာ SSPP/SSA တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ဟာ ရှမ်းမြောက်က မိုင်းရယ်မြို့နယ်မှာ ဇူလိုင် ၁၂ ရက်နေ့မှာ ဝင်ရောက်နေရာယူခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ကတော့ မိုင်းရယ်ဟာ SSPP ရဲ့ စစ်လှုပ်ရှားဒေသဖြစ်တဲ့အတွက် ပြောစရာမရှိဘူးလို့ TNLA ဘက်က မှတ်ချက်ပေးခဲ့ပါတယ်။
နှစ်ဖက်ထိတွေ့မှုဖြစ်နေတဲ့ TNLA နဲ့ SSPP အဖွဲ့တွေဟာ “ဝ” အဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
FPNCC မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP ၊ ကချင်လွတ်လပ်ရေးတပ်-KIA၊ မိုင်းလားတပ်-NDAA နဲ့ “ဝ” တပ်ဖွဲ့-UWSA တို့ပါဝင်တာဖြစ်ပါတယ်။