Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တရားမဝင်နွားအကောင်ရေ ၂၀ တင်သွင်းလာသည့်  မြန်မာ ၅ ဦး ဖမ်းဆီးခံရ 
DVB
·
July 16, 2024
Photo Crd-Khaosod

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် နွားအကောင်ရေ ၂၀ တင်သွင်းလာတဲ့ မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရတယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် အမှတ် ၃၅ ခြေလျင်တပ်ရင်း တာဝန်ရှိသူတွေဟာ ဇူလိုင် ၁၅  ညက နယ်စပ်လုံခြုံရေး လည့်လည်စစ်ဆေးစဉ် ထာ့ဆောင်ယန်းမြို့နယ် မဲ့ဆောင် အုပ်စု မဲ့ဆလိတ်လုန်ကျေးရွာအနီး ချိုင့်ဝှမ်းထဲမှာ နွားတအုပ်ကို လူအချို့ ထိန်းကျောင်း မောင်းနှင်လာတာ မသင်္ကဖွယ်တွေ့ရှိတာကြောင့်  စစ်ဆေးဖို့ ရပ်တံ့ခိုင်းလိုက်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ထိုင်းစစ်သားတွေကို တွေ့တော့ အဆိုပါလူတွေက ထွက်ပြေးဖို့ကြိုးစားကြတယ်၊ တာဝန်ရှိသူ တွေလည်း လူစုခွဲပြီးလိုက်ဖမ်းရာမှာ  နွားအကောင် ၂၀ နဲ့ လူ ၅ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး) တို့ကို ဖမ်းမိကြောင်း၊  အားလုံးမြန်မာနိုင်ငံသားတွေဖြစ်ပြီး ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ အဆိုပါနွားတွေဟာ ကရင်ပြည်နယ် ဝါးဆီခို့ဒေသဘက်က နွားတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာလာရောင်းဖို့  အမည်မသိပွဲစားက ဆက်သွယ်လာတယ်၊  သူတို့ဟာ အဲဒီနွားတွေကို သောင်ရင်းမြစ်ကမ်းနဘေးကနေ မဲ့စလစ်လုန်ရွာထိ လာပို့ပေးရမှာဖြစ်ပြီး ပို့ခအနေနနဲ့ နွား ၁ ကောင်ကို ထိုင်းဘတ် ၂၅၀ ရတယ်၊ အဲဒီနွားတွေကို ကားနဲ့လာတင်ပြီး နောက်တနေရာကို သွားရောင်းချဖို့ ရှိတယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါနွားတွေကို မွေးမြူရေးခြံသို့ပို့ဆောင်ထားပြီး မြန်မာ ၅ ဦးကိုတော့ တိရစ္ဆာန်တွေကို အခွန်မဲ့ တရားမဝင်တင်သွင်းမှု၊ ခွင့်ပြုချက်မရဘဲ တိရစ္ဆာန်တွေကို ရွှေ့ပြောင်းမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Source: Khaosod

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013