မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက တိုက်ပွဲတခုမှာ သေဆုံးသွားတဲ့ စစ်သားတဦးရဲ့ ဖုန်းထဲကနေ စစ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ကျေးရွာတွေအတွင်းက လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Southern YSO PDF က ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော် ပြသပါတယ်။
Southern YSO PDF တာဝန်ရှိသူတဦးက “ကျနော်တို့ ရေစကြိုမြို့နယ်ထဲက ရွာသားတွေ ထွက်ပြေးသွားတဲ့ ရွာတရွာကို စစ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ပြီး ပြည်သူပိုင်အိမ်တွေကို ပစ်ခတ် ဖျက်ဆီးသွားကြတာကို သူတို့အချင်းချင်း ပြန်ရိုက်ထားကြတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ရုပ်သံမှတ်တမ်းထဲမှာ လူနေအိမ်တွေကို ပစ်ခတ်ဝင်ရောက် ဖျက်ဆီးနေကြသူတွေဟာ အခြေစိုက်တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃၊ ၂၅၇၊ ၂၅၈ တပ်က စစ်ကောင်စီ တပ်သားတွေ ဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါရုပ်သံမှတ်တမ်းဖိုင်ဟာ ပြီးခဲ့တဲ့ မတ် ၁၃ ရက်က ရေစကြိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးသွားသူ စစ်သားတဦးဆီကနေ သိမ်းဆည်းရရှိတဲ့ ဖုန်းထဲကနေ တွေ့ရှိတာလို့ ဆိုပါတယ်။
Southern YSO PDF ပြောရေးဆိုခွင့်ရှိသူတဦးက “ရွာနာမည်ကိုတော့ မပြောတော့ပါဘူး။ စစ်သားနဲ့ ပျူတွေ အဲဒီရွာကို ဖျက်ဆီးပြီး ထွက်လာတော့ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်။ တိုက်ပွဲမှာ စစ်သား ၃၀ ဝန်းကျင်သေပြီး သေနတ် ၉ လက် ရလိုက်တယ်။ အဲဒီတိုက်ပွဲအတွင်းမှာ သေတဲ့ စစ်သားဆီကနေ သိမ်းဆည်းရမိတဲ့ ဖုန်းထဲကနေ ဒီဗွီဒီယိုဖိုင်ကို တွေ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးနေတယ် ဆိုတာ သက်သေတခုဖြစ်ဖို့နဲ့ ပြည်သူတွေ သိရှိစေဖို့အတွက် အခုရုပ်သံဖိုင်ကို ထုတ်ဖော်လိုက်ရတာလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်ဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာလည်း မကြာခဏဆိုသလို ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီး မီးရှို့တာတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။