Home
မြန်မာသတင်း
နေပူခံစစ်ရှောင်စခန်းတွင် အကူအညီလိုအပ်၊ စစ်ကြောင်းထိုးသဖြင့် သာပေါင်းနှင့် ငါးသိုင်းချောင်း ဒေသခံများ ထွက်ပြေးနေရ
DVB
·
July 16, 2024
Photo Crd-Min Min
Photo Crd-Min Min
နေပူခံစစ်ရှောင်စခန်း
နေပူခံစစ်ရှောင်စခန်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နေပူခံစစ်ဘေးရှောင်စခန်းမှာ ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးနဲ့စားနပ်ရိက္ခာ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် မုန့်သန်းပြင်ကျေးရွာဘက်မှာ ၂၀၁၉ ခုနှစ် မတ်လမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ မုန့်သန်းပြင်ကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတယောက်ဖြစ်တဲ့ မမိုးမိုးသန်း DVB ကို ပြောပါတယ်။

လက်ရှိခိုလှုံနေတဲ့ ကျောက်တော်မြို့ နေပူခံ စစ်ဘေးရှောင်စခန်းမှာ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ခန္ဓာကိုယ်မှာ အဖုပိန့်ယားနာတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဆေးခန်းတခါပြပါက ၆၀၀၀၀/၇၀၀၀၀ ကျပ်လောက်အထိ ကုန်ကျမှုရှိကာ ဆေးဝါးစျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် ငွေကြေးမတတ်နိုင်တဲ့သူတွေက တခြားသူဆီက ချေးငှားပြီးတော့ ကုသနေကြရတယ်လို့ ပြောပါတယ်။

မိုးရာသီကာလဖြစ်တာကြောင့် ခြင်ထောင်နဲ့ခြင်သတ်ဆေးတွေ အရေးတကြီးလိုအပ်နေသလို အလုပ်ကိုင်အခွင့်လမ်းတွေရှားပါးလို့ ရွာတွေကို သွားပြီး ဝါးခုတ်ရာကနေ ငှက်ဖျားရောဂါတွေ ကူးစက်လာကြတာလို့ ဆိုပါတယ်။

စားသောက်ကုန် စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အကူညီပေးကြဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတွေကြောင့် အဝတ်တထည်ကိုယ်တခုနဲ့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ နေအိမ် ၅၀ လောက်မီးရှို့ဖျက်ဆီးခံလိုက်ရလို့ ပြန်စရာအိမ်မရှိတော့ဘူးလို့ မမိုးမိုးသန်းက ပြောပါတယ်။

စစ်တွေမြို့နယ် ကံပြင်ကျေးရွာကို ဇန်နဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာလို့ ကျောက်တော်မြို့ နေပူခံစစ်ရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စားဝတ်နေရေး အခက်ခဲ ဖြစ်နေကြတယ်လို့ ကံပြင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတယောက်ဖြစ်တဲ့ ဦးမောင်လှသာက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ ငှက်ဖျားရောဂါနဲ့ ယားနာတွေဖြစ်ပွားနေပြီး နီးစပ်ရာဆေးခန်းတွေမှာ သွားရောက်ကုသရကာ ဆေးဝါးစျေးနှုန်းတွေကလည်း ၁၀ ဆလောက်မြင့်တက်သွားတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ဆိုပါတယ်။

နိုင်ငံတကာအပါဝင် ပြည်တွင်းပရဟိတအဖွဲ့တွေအနေနဲ့ စားဝတ်နေရေးအကူညီနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ပြုလုပ်ပေးကြဖို့ ဦးမောင်လှသာက ပြောပါတယ်။

နေပူခံစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၈၅ စု၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်တာဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက လာရောက်ခိုလှုံနေကြတာလို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဂွမြို့နယ် ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ ငါးသိုင်းချောင်းနယ်မှာလည်း စစ်ကောင်စီတပ်က ဇူလိုင် ၁၄ ရက်က စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သာပေါင်းဒေသခံတယောက်က “မနက်စောစောလောက်တကြိမ်၊ နေ့လယ်ဘက်တကြိမ်၊ ညနေဘက်တကြိမ်၊ တရက် ၃ ကြိမ်လောက် အထိကို စစ်ကြောင်းထိုးနေတာ။ အင်အားကမနည်းဘူး။ တော်ကြာ သာပေါင်းမြို့က တောင်စပ်ကို စစ်ကားတွေနဲ့ စစ်သားတွေကို လာတိုးချလိုက်၊ နောက် ပြန်ခေါ်သွားလိုက်နဲ့ လုပ်နေတာပဲ။ သတင်းအမှားတွေရပြီး အခုလို လျှောက်လုပ်နေတာလို့ ထင်တာပဲ။ တိုက်ပွဲအတွေ့အကြုံကို မခံစားဘူးတဲ့ ဒေသခံတွေ အများစုက ကြောက်ပြီး ရှောင်ပြေးနေရတာ။ သူတို့က ဒီနေရာဆို ကိုယ်က ဟိုနေရာ ပြောင်းနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၄၀၊ ၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ ငါးသိုင်းချောင်းက သစ်တောတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် နေ့စဉ် အလုပ်တွေပါ ကောင်းကောင်း မလုပ်ကြရဘူး ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်ကလည်း “ဘယ်သူ့မှ မရှိဘဲကို ပစ်ခတ်နေတာ။ သူတို့ ရမ်းသန်း လျှောက်ပစ်နေတဲ့ နေရာတွေက အမတို့ ဒေသခံတွေ အများစု ထင်းခွေ၊ သားငါးရှာစားတဲ့ နေရာတွေပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဘယ်သူက သွားရဲမလဲ။ ဒီလိုသာလုပ်နေရင် ဘယ်လွယ်မလဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အခုလို မကြာခဏ စစ်ကြောင်းထိုးနေတာဟာ ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်နေတယ်လို့ သတင်းအရ လုပ်နေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ကြံခင်းနဲ့ မြန်အောင် စတဲ့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ဒေသခံ အရပ်သား အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီး စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013