ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမှာ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထူးမောင် ဆိုတဲ့သူက စစ်မှုထမ်းဖို့ စာရင်းထဲပါတာကို ဆင့်ခေါ်လို့မရလို့ ဆိုပြီး စစ်ကောင်စီတပ်ကိုအကြောင်းကြားကာ ဇူလိုင် ၁၄ ရက် ညပိုင်းက ဝင်ရောက် ပေါ်တာဆွဲသွားတာလို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့ခံတယောက်က “စစ်မှုထမ်းဖို့ စာရင်းထဲပါတယ်ဆိုပြီး အတင်းအဓမ္မ ခေါ်သွားတာ ခံရတာ။ အဆွဲခံရတဲ့ ကောင်လေးနှစ်ယောက်က ကျော်ကြီးဆိုတဲ့ ကောင်လေးနဲ့ ထက်ဝေယံဆိုတဲ့ ကောင်လေးပါ။ ဘယ်ကိုခေါ်ဆောင်သွားမှန်း မသိရသေးဘူး။ မိသားစုတွေက အရမ်းစိတ်ပူတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “စစ်မှုထမ်းဆင့်ခေါ်တာကို မလာလို့ အခုလို ခေါ်သွားတာလို့ သိရတာပဲ။ ဘယ်ခေါ်သွားတယ် ဆိုတာတော့ မသိသေးဘူး။ စစ်မှုထမ်းကိစ္စနဲ့တော့ အရင်ထက် တင်းတင်းကျပ်ကျပ် ဖိအားပေးလုပ်နေတာပဲ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ စာရင်းထဲ ပါသူတွေကို ခရီးသွားခွင့် ပိတ်ပင်တာတွေ၊ သတ်မှတ်ချိန်မှာ ရောက်မလာရင် အမှုဖွင့် အရေးယူတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်ခံရတဲ့ စစ်သင်တန်းအပတ်စဉ် ၁ က သင်တန်းတက်ပြီးသား အယောက် ၉၀၀ ကို ရခိုင်ပြည်နယ် အပို့ခံထားရတယ်လို့ သိရပါတယ်။