စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလတွေအတွင်း စစ်ကောင်စီလက်အောက် အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား/သူ ၁၀,၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ထားပြီး အဲဒီထဲမှာ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား/သူ ၁,၅၀၀ ကျော် ပါဝင်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထောင်ပြောင်းဆိုကာ ထောင်ပြင်ပထုတ်အသတ်ခံရသူအယောက် ၃၀၊ ထောင် တွင်းရိုက်နှက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦး၊ ထောင်ကထုတ်ပြီး စစ်ကြောရေးဆိုကာ ထပ်မံစစ်ကြောရေးပြုလုပ်ချိန် အသတ်ခံရသူ ၄ ဦး၊ ဆေးကုသမှုမလုံလောက်တာကြောင့် သေဆုံးသူ ၂၅ ဦး ရှိခဲ့ပြီး အဲဒီထဲမှာ NLD ပါတီဝင် ၁၁ ဦး အပါအဝင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက နိုင်ကျဉ်းတွေအပါအဝင် တခြားအကျဉ်းသားတွေကို မတရားဖိနှိပ်ညှဉ်းပန်းမှုတွေအား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေကို လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေးအဖွဲ့က ဖြစ်စဉ်အလိုက် စာရင်းပြုစုထုတ်ပြန်ရာမှာ ခုလိုဖော်ပြလိုက်တာပါ။
လတ်တလောအခြေအနေမှာ အကျဉ်းထောင်တွေထဲ ထောင်အာဏာပိုင်တွေက မတရား ညှဥ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေကြတာတွေနဲ့ ပတ်သက်ပြီး နိုင်ကျဉ်းတွေက သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေကို တရားမျှတမှုရရှိရေးအတွက် တင်ပြတောင်းဆိုတာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ မှန်ကန်စွာအရေးယူဆောင်ရွက်ပေးခြင်း မရှိတဲ့အပြင် အငြိုးအတေးထားကာ ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်တာ၊ တိုက်ပိတ်ဒေါက်ခတ် အရေးယူတာ၊ ထောင်ပြေားင်ရွှေ့တာတွေအထိ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုင်ကျဉ်းတွေဟာ လူသားချင်းစာနာထောက်ထားမှုအခွင့်အရေးတွေ စိုးစဉ်းမျှ မရရှိတဲ့အပြင် မိသားစုနဲ့ ထောင်ဝင်စာပေးမတွေ့တာ၊ ထောင်ဝင်စာဖြတ်တောက်ထားတာတွေ၊ စားသုံးနေရတဲ့ ထောင်တွင်းအစားအသောက်တွေကလည်း ကျန်းမာရေးနဲ့ ကိုက်ညီမှုလုံးဝမရှိတာတွေကြောင့် ကျန်းမာရေးထိခိုက်လာကြသလို လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိတာကြောင့် သေဆုံးသွားကြတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေဟာ ထောင်တွင်း တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူး ရောင်းချနေတာကို လာဘ်စားပြီးတော့ ခွင့်ပြုအကာအကွယ်ပေးထားတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ၊ သောက်သုံးရေ၊ နေရာထိုင်ခင်းရရှိရေးတို့အတွက် အကျဥ်းသားတွေက အခကြေးငွေပေးနေရပြီး လွတ်ရက်စေ့လို့ လွှတ်လိုက်ပြီဆိုပေမဲ့ မိသားစုနေရပ်ရှိရာမရောက်ရှိဘဲ ပျောက်ဆုံးနေတဲ့ ဖြစ်စဥ်တွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အကျဉ်းထောင်အသီးသီးမှာ NLD ပါတီဝင်တွေအပါအဝင် အကျဉ်းသားတွေဟာ အခြေခံလူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် လက်စွဲဥပဒေပါအတိုင်း ခံစားခွင့်တွေ မရရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုတွေကို လက်လှမ်းမီသလောက် ကောက်ယူရရှိတဲ့ စာရင်းတွေကို အသိပေးတင်ပြထားတာဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန် အင်းစိန် အကျဉ်းထောင်အပါအဝင် သာယာဝတီ၊ မြစ်ကြီးနား၊ လွိုင်ကော်၊ မန္တလေး၊ မိတ္ထီလာ၊ ပြည်၊ ပခုက္ကူ၊ မကွေးစတဲ့ နိုင်ငံ တဝန်း အကျဉ်းထောင်တွေ အသီးသီးမှာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ဖြစ်စဉ်အလိုက် ဖော်ပြထားတာကို တွေ့ရပါတယ်။