မကွေး၊ ဒေါင်းနေထောင်မှာ ဘတ်ဂျက်အဆင်မပြေတော့တဲ့အတွက် အသားဟင်း လုံး၀မကျွေးတော့သလို တချို့ အကျဥ်းသားတွေကိုလည်း ထောင်၀င်စာတွေ့ခွင့်မပြုဘူးလို့ ထောင်ကလွတ်လာသူတွေက ပြောပါတယ်။
မကွေးအကျဥ်းထောင်က ဘတ်ဂျက်မရှိဘူးဆိုပြီး အကျဥ်းသားတွေကို အသားဟင်းမကျွေးတော့တာ ၅ လကျော်ရှိနေပြီလို့ မကြာခင်က မကွေးထောင်မှ လွတ်လာသူတယောက်က ပြောပါတယ်။
“အရင်က ကြက်သားဟင်းကျွေးပါတယ် တပတ်ကိုတရက်၊ အခုအသားဟင်းမကျွေးတာ ၅ လ ကျော်လောက်ရှိပြီ ကျနော်လွတ်လာတဲ့အထိပဲ။ အခုက ကြက်ဥပြုတ်တမျိုးတည်းကိုပဲ တနေ့ ၂ လုံးနဲ့ တပတ်ကို ၄ ရက်၊ ပဲပေးတော့တယ်။ မနက်ပိုင်းကိုတော့ ပဲဟင်းတော့ပါတယ်၊ အဲ့ဒီပဲဟင်းကလည်း ပဲ ပါတယ်ဆိုရုံပဲ သောက်လို့လည်း အဆင်မပြေဘူး။ ညနေစာကြတော့ တာလဘော အရေကျဲပဲ အရွက်ပြုတ်ပေါ့ အဲ့ဒါပဲပေးတော့တယ်။ ထောင်၀င်စာကြတော့လည်း အိမ်ကယူလာတိုင်း ပေးမသွင်းဘူး။ ဟိုဟာမရဘူး၊ ဒီဟာမရဘူးဆိုပြီး ပယ်တာနဲ့ ဟင်းက များများစားစား သွင်းလို့မရတော့ ထောင်ထဲကလူတွေ အသားဓာတ်တွေချို့တဲ့လာပြီး ရောဂါတွေလည်း ထူနေကြတယ်။”
မကွေးထောင်နဲ့နီးစပ်သူတယောက်က “ပထမတော့ ထောင်ပြောင်းတွေနဲ့ နှစ် ၂၀ အထက် ထောင်ချထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေပဲ ထောင်ထဲမှာ သံခြေချကင်းတွေနဲ့ထားတာ၊ နောက်တော့ သတင်းတွေမှာပါလာတော့ မေ ၂ ရက်နေ့မှာ အကုန်လုံးနီးပါးကို သံခြေချင်းဖြုတ်ပေးလိုက်တာ၊ တချို့တွေဆိုရင် သံခြေချင်းနဲ့ ၃ နှစ် နီးပါး ဖြစ်နေခဲ့ရတော့ အနာတွေတောင်ဖြစ်တာ။ ခြေချင်းသာဖြုတ်ပေးတာ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၇ ယောက်ကို အခုထိ ဧည့်တွေ့ခွင့်ပိတ်ထားတုန်းပဲ။ ထောင်ကတော့ အထက်က ပိတ်ထားခိုင်းတာလို့ပဲ ပြောနေတာ၊ သူတို့လည်း အသက်ကြီးတဲ့ သူတွေချည်းပဲ သက်သက် ဒုက္ခပေးထားတာ” လို့ ပြောပါတယ်။
ဇွန် ၁၆ ရက်က မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ မကွေးအကျဉ်းထောင်ကို ထောင်ပြောင်းရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို Main Jail ကိုခေါ်ပြီး ရိုက်နှက်တာ၊ ခြေချင်းဒေါက်တွေကို ၁၄ ရက်အထိ ခတ်ထားခဲ့တာ၊ ပုံစံရေချိုးခွက်နဲ့ ရေတခါချိုးရင် ၁၅ ခွက်သာ ချိုးခွင့်ပေးတာ၊ အဆောင်တွေကနေ နေ့စဉ်ခေါ်ထုတ်ရိုက်နှက်ကြောင်း၊ မခံနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတချို့က ဘာလို့ အခုလို ရိုက်ရတာလဲလို့ မေးမြန်းတဲ့အတွက် မေးမြန်းသူအပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကို ထပ်မံရိုက်နှက်ပြီး အဲ့ဒီရက်ကတည်းကနေ ဒီနေ့အထိ တိုက်ပိတ်ထားဆဲပဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထောင်အာဏာပိုင်တွေက ထောင်ပြောင်းလာသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မကြာခဏရိုက်နှက်လေ့ရှိသလို ရိုးရိုးအကျဥ◌်းသား လူမိုက်တွေကိုလည်း တဆင့် ရိုက်နှက်ခိုင်းတာတွေလုပ်လေ့ရှိကြောင်း၊၊ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၇ ဦးကိုလည်း ဒီနေ့အထိ ခြေချင်းတွေ၊ ဒေါက်တွေနဲ့ အခုထိ ဖြုတ်မပေးသေးဘဲ ကြိုးတိုက်မှာ တိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဥ်းသားမိဘတဦးက ပြောပါတယ်။
မကွေးထောင်မှာ အကျဥ်းသား စုစုပေါင်း ၂၃၂၀ ဦးရှိတဲ့အနက် နိုင်ငံရေးအကျဥ်းသား/သူ အယောက် ၁၅၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
မင်းညို