Home
မြန်မာသတင်း
စစ်ပွဲကြောင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းက လယ်သမားများ စပါးမစိုက်နိုင်
DVB
·
July 17, 2024

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန် ဖြစ်ပွားနေတာကြောင့် စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတွေဟာ စပါးစိုက်ပျိုးဖို့ လယ်တွေမထွန်ယက်နိုင်ဘဲ အခက်အခဲကြုံနေရပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာရှိတဲ့  ကျေးရွာ ၃၀ လောက်က ဒေသခံပြည်သူတွေဟာ စစ်ပွဲတွေကြောင့် လယ်မြေတွေနဲ့ အိုးအိမ်တွေကို စွန့်ပစ်ကာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အမြဲတမ်းပစ်ခတ်နေတဲ့အတွက် ဗျိုင်းဖြူရွာအပါအဝင် စစ်တွေမြို့နယ်ထဲက ကျေးရွာ ၁၀ ကျော်လောက်က ဒေသခံပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေဟာ လယ်တွေကို ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခုနှစ်မိုးရာသီမှာ လယ်တွေကို ထွန်ယက်ကာ စပါးမစိုက်ပျိုးနိုင်ဘဲ လာမယ့်နှစ်တွေမှာ ဆန်စပါးပြတ်လပ်ကာ စားဝတ်နေရေးအခက်ခဲတွေဖြစ်လာနိုင်တယ်လို့   ဗျိုင်းဖြူရွာနေ လယ်သမားတဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကံချောင်းရွာနားမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ကံချောင်းရွာအပါအဝင် ကျေးရွာ ၂၀လောက်က ဒေသခံတွေဟာ လယ်တွေကို ပစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လယ်ဧကပေါင်း သိန်းနဲချီရှိပြီး အခုနှစ်မိုးရာသီမှာ လယ်သမားတွေ စပါးမစိုက်ပျိုးရတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လယ်ရှိအချိန်မှာတော့ ဒေသခံတွေဟာ အရင်နှစ်က စိုက်ပျိုးရရှိခဲ့တဲ့ ဆန်စပါးတွေကို ဝမ်းစာအဖြစ်စားသုံးနေကြကာ နောက်နှစ်အတွက် လယ်မထွန်၊ စပါးမစိုက်နိုင် ဖြစ်နေကြရတယ်လို့  ကံချောင်းကျေးရွာသားတဦးက ပြောပါတယ်။

AAနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်‌တွေအပြင် ရခိုင်ပြည်နယ်အတွင်း တခြားမြို့နယ်တွေမှာလည်း  ထွန်ယက်စိုက်ပျိုးမလုပ်နိုင်တဲ့ လယ်မြေတွေ အများအပြားရှိပြီး လက်နက်ကြီးသံ၊ ဗုံးသံတွေကြားမှာ ဝမ်းရေအတွက် အသက်စွန့်ပြီး လုပ်ကိုင်နေကြရတဲ့ သူတွေလည်း ရှိနေပါတယ်။ 

လင်းအိမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013