မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၅ ဦးသေဆုံးပြီး ၁၀ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ Young Force UG တပ်ဖွဲ့ကနေ သိရပါတယ်။
ဇူလိုင် ၁၇ ရက် မနက် ၅ နာရီက အောင်သာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁ နာရီကြာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၀ ဦးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း သေနတ် ၉ လက်၊ လောင်ချာ ၁ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Young Force UG တာဝန်ခံ ကိုပိန်က “စစ်သားတွေရော ပျူတွေရော ပေါင်းပြီးတော့ နေကြတာ၊ အင်အားဘယ်လောက်ရှိလဲတော့ မသိရဘူး၊ တိုက်ပွဲက ၁ နာရီကြာလောက် ဖြစ်သွားတာ၊ ပြည်သူအထိအခိုက်တော့ မရှိဘူး၊ ဖမ်းဆီးလာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်၊ အဲ့ရွာကပျူတွေက မြစ်ခြေမြို့ပေါ်တက်ပြီး ပြည်သူတွေကို စစ်ဆေးရိုက်နှက်တာတွေ၊ ငွေကြေးကောက်ခံတာတွေ ဖမ်းဆီးတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Earthquake People's Defence Force၊ Pakokku People's Defense Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ (Young Force UG၊ Thurain TR၊ Shwe Nyar Myae၊ Pakokku Ranger)၊ Hunter Pakokku နဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာလည်း ဇူလိုင် ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးကာ ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှ ပကဖ ကနေ သိရပါတယ်။
မင်းလှမြို့နယ်၊ ရှမ်းတပ်နယ်မြေရဲကင်းကနေ ဇူလိုင် ၁၅ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈၊ ကပစ ၂၊ ကပစ ၁၀ နဲ့ နယ်မြေရဲစခန်းက ရဲတွေ ပူးပေါင်းအင်အား ၈၀ လောက်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ မင်းလှမြို့နယ် ပကဖ တာဝန်ခံ ကိုရန်ကြီးအောင်က DVB ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းကို ပုသိမ်-မုံရွာ ကားလမ်းမကြီးရဲ့ အနောက်ဘက် ၂ မိုင်ခွဲလောက်အကွာမှာ ရှိတဲ့ ရေကြည်ချောင်းနားက ဒေသအခေါ် ကွေ့အိုင်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးကာ ၁၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မကျီးကုန်းရွာထဲကို ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ဖမ်းဆီးကာ စစ်ယူနီဖောင်းဝတ်ပေးပြီး လူသားဒိုင်းကာ ပြုလုပ်ခဲ့ကြလို့ ပြည်သူတယောက် မိုင်းထိသေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။