ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းထားနိုင်ခဲ့ပြီး စစ်ကောင်စီက မောင်ရွှေလေးရေတပ် မကျဆုံးဖို့ ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ ခံစစ်ပြင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့ကို ဇူလိုင် ၁၆ ရက်ကတည်းက အပြီးတိုင် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး မြို့တွင်းနဲ့ ထောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ငပလီဘက်ကို တပ်ဆုတ်ကာ မောင်ရွှေလေးရေတပ်ကို ခံတပ်သဘောနဲ့ ဂျိတ္တောရပ်ကွပ်မှာ ခံတပ်ပြင်ထားတယ်လို့ မြေပြင်မှာရှိနေတဲ့ သံတွဲဒေသခံတဦးက ပြောပါတယ်။
“သံတွဲမြို့က AA က အပြည့်အဝ ထိန်းချုပ်ထားပြီဖြစ်တယ်။ မြို့တွင်းကျန်ခဲ့တဲ့ အရပ်သားတွေကိုတော့ AA က ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတယ်။ မြို့တွင်း တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မောင်ရွှေလေးရေတပ်ကို ကာဗာခံတပ်သဘောနဲ့ ဂျိတ္တောမှာ ခံတပ်ပြင်ထားတယ်။ သံတွဲမှာက မောင်ရွှေလေး တပ်ရင်းတခုပဲ ကျန်တော့တာ၊ ဒီတပ်ရင်းကျရင် စစ်ကောင်စီကင်းစင်ပြီ။”
သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ကြည်းတပ်အဖြစ် ခမရ ၅၆၆၊ ခလရ ၅၅ တို့နဲ့ ရေတပ်အဖြစ် မောင်ရွှေလေးရေတပ်တို့ အခြေစိုက်ထားတာဖြစ်ပြီး ကြည်းတပ်ရင်း ၂ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
သံတွဲမြို့နယ်ကို လက်လွတ်ခံရမှာကို စစ်ကောင်စီက အရမ်းကြောက်နေပြီးတော့ မရရတဲ့နည်းနဲ့ ခုခံနေတာဖြစ်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။
“စစ်ကောင်စီက သံတွဲကို လက်လွှတ်ဆုံးရှုံးရမှာကို အရမ်းကြောက်နေတယ်။ အဓိကတော့ စစ်ခေါင်းဆောင်မိသားစု စီးပွားရေးတွေ၊ ခရိုနီတွေရဲ့ စီးပွားရေးတွေနဲ့ စစ်တပ်မိတ်ဖက် ရုရှားစီမံကိန်းတွေ ရှိနေတာကြောင့် ဒီမြေကို လက်လွှတ်မခံလိုဘဲ ရတဲ့နည်းတဲ့ ခံစစ်ပြင်ပြီး ခုခံနေတာဖြစ်တယ်။ နောက်တခုက ဒီမြို့ကို AA ရသွားရင် တောင်ပိုင်းမှာ ကြိုက်သလို AA စစ်ကစားလို့ ရသွားမယ့် အခြေအနေ ရှိသွားမယ်။”
သံတွဲမြို့နယ်အတွင်းမှာ ဧပြီ ၁၃ ရက်ကတည်းက စတင်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွားဖြစ်ပွားပြီး စစ်ကောင်စီက နယ်ခံတပ်ရင်း ၂ ရင်း အပါအဝင် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ ဧရာဝတီတိုင်းက တပ်ရင်းတချို့၊ စစ်သင်္ဘော ၅ စီးပါ အုပ်စုအပြင် Myanmar Navy SEALs တပ်သားတွေနဲ့ ခုခံနေတာလို့ အာရက္ခတပ်တော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်စစ်ပွဲ ၈ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး နောက်ထပ် မြို့ ၂ မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပါတယ်။