ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေ စားသောက်ဆိုင်က အီရန်စုံတွဲ အသတ်ခံရမှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားတဦးကို ရဲတွေက သံသယရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ပတ္တယားတောင်ပိုင်းက ဘာနူးအမည်ရတဲ့ အဆိုပါ အီရန်စားသောက်ဆိုင်ဟာ အရင်တပတ်ကတည်းက ပိတ်ထားတာကို တွေ့ရှိရပြီး ဆိုင်ရှင်တွေကိုလည်း မတွေ့ရတာကြောင့် ရဲတွေကို အကြောင်းကြားပြီး ဇူလိုင် ၁၆ ရက်နေ့လယ်ပိုင်းက ဖွင့်ခဲ့ချိန်မှာ အသက် ၆၄ နှစ်အရွယ် အီရန်နိုင်ငံသား မော့ဂျ်ဘာတာ ဂန်ဘာရီရာဇာတ်နဲ့ ၄၉ နှစ်အရွယ် ထိုင်းနိုင်ငံသူ သနာဖွန် ပွန်ပရာခွန်တို့ကို သုံးထပ်အဆောက်အအုံရဲ့ ဒုတိယထပ် အိပ်ခန်းတွင်းမှာ သေဆုံးလျက်သား အနေအထားနဲ့ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
သူတို့ရဲ့ မိတ်ဆွေ အသက် ၂၇ နှစ်အရွယ် ကရိ(တ်)ဖွန် အာဂျင်ခစ်ကတော့ ပြီးခဲ့တဲ့ သီ တင်းပတ်တုန်းက သူတို့စုံတွဲနဲ့ မြန်မာအလုပ်သမားတို့ ကျယ်ကျယ်လောင်လောင် စကား များခဲ့ကြပြီး အဆိုပါ အလုပ်သမားက သူတို့ရဲ့ ဆိုင်ကယ်ကိုမောင်းကာ ထွက်သွားခဲ့ပြီး ပြန်လာတာကို မတွေ့ခဲ့ရဘူးလို့ ရဲတွေကို ပြောပါတယ်။
ပန်အမည်ရတဲ့ အိန်နီးချင်းတဦးကတော့ အဆိုပါ စားသောက်ဆိုင်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့လောက်ကတည်းက ပိတ်ထားခဲ့တာကို တွေ့ခဲ့ရပြီး ၅ ရက်လောက်အကြာ အင်္ဂါ နေ့မနက်ပိုင်းမှာ အသတ်ခံရတဲ့ ဇနီးဖြစ်သူရဲ့ ဆွေမျိုးတဦးက ဆိုင်ကိုရောက်ရှိလာတာမှာ သံသယရှိတာကြောင့် ရဲတွေကို ခေါ်ပြီး အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
ဆွေမျိုးဖြစ်သူက အသတ်ခံရတဲ့ သနာဖွန်ဟာ သူမကို စားသောက်ဆိုင်ထဲက မထွက်နိုင်ဘူးလို့ အိပ်မက်ထဲမှာ ပြောခဲ့တဲ့အကြောင်း အိပ်မက်မက်ခဲ့ပြီးနောက် ရဲစခန်းကို အကြောင်းကြားကာ ဆိုင်ကိုဖွင့်ပြီး စစ်ဆေးခိုင်းချိန်မှာ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရတာပါ။
ဒါ့အပြင် အိမ်နီးချင်း မစ္စတာပန်ရဲ့ ပြောကြားချက်အရ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားဟာ သူ့ရဲ့အလုပ်ကို ကောင်းမွန်စွာ မလုပ်တာကြောင့် ရိုက်နှက်ခံခဲ့ရကြောင်း ရဲတွေကို ထွက်ဆိုထားပါတယ်။
ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားဟာ အသက် ၂၁ နှစ်အရွယ် မင်းအမည်ရတဲ့ အမျိုးသားတဦးဖြစ်တယ်လို့ ရဲတွေက ကနဦးထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ လူသတ်မှုနဲ့ဆိုင်တဲ့ သဘောသဘာဝကို မထုတ်ပြန်နိုင်သေးဘဲ အိပ်ခန်းထဲမှာတော့ တုတ်တချောင်းတွေ့ရှိထားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
source-bangkokpost