ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မန္တလေး PDF တပ်ဖွဲ့တွေက စဥ့်ကူးမြို့ကိုတိုက်ခိုက်သိမ်းယူပြီး ရဲစခန်းရှိ အချုပ်သားတွေကို လွှတ်ပေးခဲ့ပြီးနောက် တိုင်းရဲတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့ကို စစ်ကောင်စီတပ်က စစ်ဆေးအရေးယူဖို့ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေး PDF အဖွဲ့က မနေ့က စဥ့်ကူးမြို့နယ်ကို အလုံးစုံသိမ်းပိုက်လိုက်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာပြီးနောက် အချုပ်သား ၆ ဦး လွှတ်ပေးလိုက်တဲ့ ပြဿနာကို အခြေခံကာ တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို စစ်ကောင်စီက အရေးယူဖို့ လုပ်တာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“စဥ့်ကူးမြို့ကို PDF က သိမ်းလိုက်တယ်၊ မြို့တွေ အသိမ်းခံနေကျဆိုတော့ ပြဿနာမဟုတ်ပေမဲ့ စခန်းကရဲတွေ မြို့ကို PDF တွေ မရခင်ကတည်းက အရင်ထွက်ပြေးပြီး အချုပ်သားတွေကို ထားခဲ့တယ်။ PDF အဖွဲ့က အချုပ်သားတွေ လွှတ်ပေးလိုက်တယ်။ အဲ့သတင်းက ပြန်ပြီး တိုင်းကရဲတွေကို စစ်ဆေးဖို့လုပ်နေတယ်။”
စဉ့်ကူးမြို့နယ် တိုက်ပွဲအတွင်း အမျိုးသမီးအဆိုတော် တသသက သူအပါအဝင် အချုပ်သား ၆ ယောက်ကို အဖွဲ့အစည်းတချို့က လေကြောင်းပစ်ခတ်နေတဲ့ကြားကနေ အချုပ်ခန်းသော့ကို ရိုက်ဖျက်ပြီး ကယ်တင်ပေးခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။
စဥ့်ကူးမြို့နယ်ဟာ သပိတ်ကျင်းခရိုင်မှာ ပါဝင်ပြီး သပိတ်ကျင်းခရိုင်ထဲမှာ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့ ပါဝင်ကာ လက်ရှိမှာ မန္တလေး PDF ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အဆိုပါမြို့နယ်က စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နေတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးနဲ့ သပိတ်ကျင်းခရိုင် ရဲတပ်ဖွဲ့မှူးတို့ဟာ စစ်ကောင်စီကို ထုချေလွှာ ဖြေရှင်းနေရပါတယ်။