Home
မြန်မာသတင်း
စစ်တောင်းမြစ်ဝှမ်းတွင် စစ်ရေးတင်းမာနေ
DVB
·
August 13, 2024

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့နယ် ကင်းမွန်းခြုံ၊ ဒိုးတန်း၊ ဒါးဒေါက်နဲ့ ပုဂံကွဲကျေးရွာတွေအနီးမှာ ဩဂုတ် ၉ ရက် ညနေက စတင်ပြီး  စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတဦးက “ဒီနေ့တော့ လက်နက်ငယ်ပစ်သံတော့ မကြားတော့ဘူး။ လက်နက်ကြီး ပစ်သံတော့ ကြားတယ်။ ပစ်တော့ ပစ်နေတာပဲ။ စစ်ရေးက တင်းမာနေတယ်။ အခုက တဖက်ကလည်း ပြန်ဆုတ်သွားတယ်လို့လည်း ကြားတယ်။ နှစ်ဖက် ထိပ်တိုက်ဆိုရင် ပိုဆိုးမှာ။ ပစ်ခတ်မှုကတော့ မကြားသေးဘူး။ ပထမတခေါက် ဖြစ်သလောက်တော့ မဆိုးဘူး” လို့ ပြောပါတယ်။

KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခု ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းမှာ တိုက်ကွက်တွေ ဖော်ဆောင်နိုင်ဖို့ လက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်နေတယ်လို့ စစ်ခေါင်းဆောင်က ဩဂုတ် ၅ ရက်က  ပြောဆိုခဲ့ပြီးနောက် တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ 

စစ်ကောင်စီတပ်စခန်းတွေက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို သွားရောက် ကူညီကယ်ထုတ်ခွင့် မပေးဘဲ တားဆီးပိတ်ပင်ထားတယ်လို့  ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကင်းမွန်းခြုံ၊ ဒိုးတန်း၊ ဒါးဒေါက်နဲ့ ပုဂံကွဲ စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွဟာ တောင်ငူမြို့ နဂါးရုံဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံအကုန်လုံး ရှောင်နေရပြီ အများစုဟာ တောင်ငူဘက်ကို ပြေးတာများတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံပြည်သူတဦးက “ဖြစ်တာက ကင်းမွန်ခြုံအနီးမှာ ဖြစ်တာ။ နောက်ဆုံးအခြေအနေက ဒေသခံတွေက တောင်ငူဘက်ထဲကို ပြေးတာ များတယ်။ သူတို့တွေအကုန်လုံး ရှောင်နေရတယ်။ လေကြောင်းက မလာဘူး။ လက်နက်ကြီးကတော့ ခလရ ၇၃ ကနေလှမ်းပြီး ပြီးခဲ့တဲ့ ၃၊ ၄ ရက်လောက်က တချက် တချက် လှမ်းပစ်ကူတာတွေ ရှိတယ်။ ကျန်တာတော့ မရှိဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ခမရ ၄၃၉၊ ၃၅၇၊ ၅၉၀ နဲ့ ၅၉၉ တပ်ရင်း တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ နေ့ညတိုင်းလိုလို ပစ်ခတ်နေပါတယ်။

ဩဂုတ် ၁၁ ရက် ညနေ့ ၄ နာရီကျော်ကလည်း ရွာမကြီးရွာဘုန်းကြီးကျောင်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ခင်နောက်မြီး၊ ခင်ကြီး၊ ညနေကွင်း စတဲ့ကျေးရွာက ဒေသခံ ၅,၀၀၀ လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတွေ  “စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတော့ နေ့တိုင်း နေ့ ည လက်နက်ကြီး ဟောင်ဝှစ်ဇာတွေနဲ့ ပစ်နေတယ်။ လက်နက်ကြီးတွေ တအားထုလို့ ခင်နောက်မြီး၊ ခင်ကြီး၊ ညနေကွင်းနားက ပြည်သူတွေ တော်တော်များများက အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ ရှောင်တာရှိတယ်။  ဘာလို့လဲဆို လက်နက်ကြီး နေ့ကော ညကော ထုတာကို။ အဲဒီရွာတွေက ကြီးတော့ လေး ငါးထောင်လောက် ရှိမယ်။ အဲဒီရွာတွေက ကြီးတယ်”လို့ ပြောပါတယ်။

နှစ်ဖက် တိုက်ပွဲအခြေအနေကို တပ်မဟာ ၃ တာဝန်ရှိသူတွေအား DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၆ ယောက်နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၄ ခု ဇွန်လအထိ ဒေသခံပြည်သူ ၁၂ သိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013