ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ဩဂုတ် ၁၂ ရက် ညမှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ တအာင်းအမျိုးသားတပ်မတော် PSLF/TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ မနေ့ည ၁၁ နာရီ ၄၁ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၅၁ မိနစ်မှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ်၊ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “မနေ့ည ၁၁ ၄၅ အချိန်မှာ ဂျက်လေယာဉ်နဲ့ ဗုံး ၆ လုံး ကြဲခဲ့ပါတယ်။ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်။ နေအိမ် ၅လုံး ထိခိုက်ပျက်စီးပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ကြဲချလိုက်တဲ့ ဗုံးဟာ နမ့်ဆန်မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ တရားဥပဒေရုံး၊ EPC ရုံး ၊ ဒေသဦးစီးရုံးနားက လက်ဖက်စက်ရုံတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ TWO တအာင်း အမျိုးသမီး အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် တအောင်းဒေသ၊ တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းရွာက အမြောက်တပ် ၉၀၂၊ မက်မန်းတောကျေးရွာက တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၂၅၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၀၆ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီက Y 12 လေယာဉ်နဲ့ ၃ ကြိမ်၊ ဗုံးအလုံး ၂၀ ကြဲချသေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အလားတူ တပ်မဟာ ၂ နယ်မြေ သီပေါမြို့ ခလရ ၂၃ တပ်စခန်းနေရာမှာ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီက Y 12 လေယာဉ်နဲ့ပဲ ၁၂ ကြိမ်တိုင်တိုင် လာရောက်ကာ ဗုံး ၈၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲမခံရခင် ဩဂုတ် ၁၁ ရက်မှာ TNLA က သူတို့ ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါ စတဲ့ မြို့နယ် ၁၂ ခုမှာ တရားသူကြီးတွေနဲ့ ရှေ့နေတွေအားလုံးကို လုပ်ငန်းတာဝန်လွှဲပြောင်းတာ၊ ခန့်အပ်တာနဲ့ ရာထူးအပ်နှင်းတဲ့ အခမ်းအနားကို TNLA ထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပခဲ့ ပါတယ်။
ဩဂုတ် ၅ ရက်ကလည်း စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တနေ့တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တာကြောင့် မြို့ခံ ၆ ဦးသေဆုံးပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။