ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၃၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူတွေက ရဲစခန်းနဲ့ စစ်ကောင်စီတပ်မှာ တိုင်ကြားထားပေမဲ့ တရားခံတွေကို ဖမ်းမိတာမရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဧရာဝတီတိုင်းထဲမှာ ဖောက်ထွင်းခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်က မနည်းဖြစ်ခဲ့တာ။ အကြိမ် ၃၄ လောက်အထိ ဖြစ်ခဲ့တာ။ ရဲစခန်းနဲ့ စစ်ကောင်စီတပ်မှာ တိုင်ထားတဲ့ စာရင်းပေ့ါ။ မြေပြင်မှာ ဖြစ်ပျက်သွားပြီး မတိုင်တာတွေလည်းရှိတယ်လို့ သိရတယ်။ တိုင်ထားပေမဲ့လည်း တရားခံတွေကို တယောက်မှဖမ်းမိတာမရှိခဲ့ဘူး။ အမှုတွေစုံစမ်းကြည့်တော့ ပစ္စည်းကို လိုချင်တာကြောင့် လုယက်တာ၊ ခိုးတာတွေ အဖြစ်များတယ်။”
ပြီးခဲ့တဲ့ ဇူလိုင် တလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မအူပင်ဒေသခံတယောက်က “မအူပင်-ရန်ကုန် ကားလမ်း ညောင်ဝိုင်းကျေးရွာအနီးမှာ ဇူလိုင် ၁၁ ရက်က နေ့ခင်းကြောင်တောင် ဆိုင်ကယ်စီးလာတဲ့ ကောင်လေး ၂ ယောက် ဆိုင်ကယ်ကိုတွန်းလှဲပြီး လူကို ဓားနဲ့ထိုး လက်ဝတ်ရတနာတွေ၊ ဆိုင်ကယ်နဲ့ ဖုန်း၊ ပိုက်ဆံတွေ လုယက်ခံရတာ။ ကောင်လေးတယောက်ဆို တော်တော် ဒဏ်ရာပြင်းလို့ ဆေးရုံတင်ခဲ့ရတာ။ ဒီလို အတင့်ရဲ လုယက်တာတွေက အခုနောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်တယ်။ ဒီလိုနေရာတွေမှာ အရင်က ဒါမျိုး လုံးဝမဖြစ်ခဲ့ဖူးဘူး။ သတိနဲ့ သွားလာကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေလုပ်ပေမဲ့ PDF လို့ စွပ်စွဲဖမ်းတာ၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းတာတွေပဲ အဓိကထား လုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန် ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်းကလည်း ဧရာဝတီတိုင်းမှာ လုယက်၊ ဖောက်ထွင်းခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် ၂၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။