ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာ သြဂုတ် ၈ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။
“ငါတို့ ဒီမှာရှိနေတုန်း အဂတိလိုက်စားမှုတွေ ဆက်ရှိနေဖို့ ခွင့်မပြုနိုင်ဘူး”လို့ ဆန္ဒပြသူ ဝိုင်နိုင်နာ ဂီချဲရဲက ပြောပါတယ်။
ရက်စွဲကိုရည်ညွှန်းပြီး ၈ နှစ်လုံးလို့ အဓိပ္ပာယ်ရတဲ့ “နာနဲ နာနဲ” ချီတက်ပွဲဟာ ကင်ညာသမ္မတ ဝီလျံ ရူတိုက စီစဉ်ထားတဲ့ အခွန်တိုးမြှင့်ရေးကို ဖယ်ရှားပြီး သူ့အစိုးရအဖွဲ့အား ပြန်ပြင်ဆင် ဖွဲ့စည်းရေးအတွက် ပြင်ပြောင်းလဲရေးလိုလားတဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။
ဇွန်လမှာ နိုင်ငံတဝန်း လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အကြမ်းဖက်မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
နိုင်ရိုဘီမြို့တော်က ဘဏ္ဍာရေးခရိုင်တလျှောက် ဆန္ဒပြသူတွေကို လူစုခွဲဖို့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက လမ်းတွေကို ပိတ်ဆို့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဈေးဆိုင်တွေကို ပိတ်ထားရပြီး လမ်းတွေပေါ်မှာ သွားလာနေတဲ့အသံတွေ ဆိတ်သုဉ်းသွားခဲ့ရပါတယ်။
“ရူတို သွားရမယ်” လို့ ကြွေးကြော်နေတဲ့ ဆန္ဒပြသူ တဒါဇင်လောက်ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source-Reuters