MNDAA ကိုးကန့်တပ်ဖွဲ့ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက လားရှိုးမြို့ကို သိမ်းယူပြီးနောက် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း (DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ကိုပါ ဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဩဂုတ် ၈ ရက် မနက်ကစ ပြီး စစ်တပ်နဲ့ရဲ ထိပ်ပိုင်းအသိုက်အဝန်းက မိသားစုတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေကြတယ်လို့ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီသတင်းတွေကြောင့် မြို့ခံအများစုဟာ မြို့ကိုစွန့်ခွာပြီး စစ်ရှောင်ဖို့ စတင်ထွက်ခွာနေကြတယ်လို့ ဆိုပါတယ်။
မတ္တရာ PDF တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်မြို့ခံတွေရှောင်တာ မဟုတ်ဘူးဗျ စိစစ်လိုက်တော့လေ။ ပြင်ဦးလွင်မှာ စစ်ဘက်ဆိုင်ရာ အရပ်ဘက်ဝန်ထမ်းတွေက ရှောင်တာ တိမ်းတာပေါ့။ နောက်တချက်ကကျတော့ အဲဒီဟာတွေနဲ့ ရောပြီးတော့ စစ်ဘက်က အကြီးအကဲတွေရဲ့ မိသားစုဝင်တွေပေါ့။ အဲဒီဟာတွေ ရောနှောလိုက်ပါပြီး ရှောင်လာတာ တချက်ပေါ့။ DSA တို့ ဆက်သွယ်ရေးတပ်တို့ ဘာတို့ ရှိတယ်ဗျ အဲ့နားမှာ တပ်တွေ တော်တော်များများ ရှိပါတယ်။ လေ့ကျင့်ရေးတပ်တို့ ဘာတို့၊ အဲလိုတပ်တွေနဲ့ နီးတဲ့နေရာက ရပ်ကွက်က လူတွေကိုလည်း ရှောင်ခိုင်းတယ်။ ပြင်ဦးလွင်ဘူတာနားမှာရှိတဲ့ ရပ်ကွက်တွေ ရှိတယ်လေ။ အဲ့ရပ်ကွက်က လူတွေကိုလည်းပဲ တိတ်တဆိတ် ရှောင်ခိုင်းတာတွေရှိတယ်။ တပ်နယ်မြေပြင်ပမှာ အရပ်သားပြည်သူတွေ သွားလာလှုပ်ရှားနေတာကို ရှင်းလင်းရေးလုပ်တဲ့ သဘောပဲ။ အဓိကအကြောင်းရင်းကတော့ ခံစစ်ပြင်ဖို့အတွက် လုပ်တယ်။ ပြီးတဲ့အခါကျတော့ သူတို့ သတင်းထိတ်လန့်မှု ရှိလိမ့်မယ်။ ရမခပြီးလို့ရှိရင် နောက်ထပ် မြို့က ဘယ်မြို့ဖြစ်မလဲဆိုတာ သူတို့ဟာသူတို့ ခန့်မှန်းပြောဆိုတာတွေရှိတယ်၊ အဲဒါ လော်ဘီတွေကြားမှာ ဖြစ်တာ။ ၆ ရက်နေ့ ညနေပိုင်းမှာ စလှုပ်တယ်၊ ၇ ရက်နေ့ တနေ့လုံး လှုပ်ပြီးတော့ အဲဒီ ၈ ရက်နေ့မှာကျတော့ သိသိသာသာ အပြင်ထွက်လာတာ” လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့တွေကို စစ်ကောင်စီက လက်လွှတ်ထားရပြီး သူတို့အတွက် အရေးပါတဲ့ ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးဖိအားတွေအောက်ကို ရောက်နေတာပါ။ လတ်တလောမှာ မန္တလေးမြို့ ဝင်ပေါက်တွေအားလုံးကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေပြီး အင်အားသုံး ခံစစ်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
ဦးတိုးက “လပခက ကြောက်လန့်နေတာ ကြာပြီဗျ။ အရင်တိုင်းမှူး မပြုတ်ခင်ကတည်းက ကြောက်လန့်နေတာ၊ ကြည်ခိုင်ပေါ့၊ သူမပြုတ်ခင်ကတည်းက ကြောက်လန့်ပြီးတော့ ခံစစ်ပြင်နေတာ ရှိတယ်။ သူတို့ရဲ့ ဒုတိယခံစစ်စည်းက ပုသိမ်ကြီး၊ တတိယခံစစ်က မန္တလေး၊ သူတို့ ကြောက်လန့်တကြားနဲ့ ခံစစ်ပြင်ဆင်တာတွေ လုပ်နေတာ ဆိုတာတွေက ပြောလည်း ပြောခဲ့ဖူးတယ်ပေါ့။ အခုက သူတို့ ပိုပြီးပြင်ဆင်လာတယ်။ မန္တလေးမြို့မှာဆိုလို့ရှိရင်လည်းပဲ မနေ့ကဆိုလို့ရှိရင် ပြင်ဦးလွင်က ဆင်းလာတယ်ဆိုတဲ့အချိန်မှာ မန္တလေးမြို့ထဲမှာ DC ကားတွေနဲ့ စက်လက်ကြီးတွေတင်ပြီးတော့ ၄-၅-၆ စီးတွဲတွေ ပတ်သွားနေတာတွေ ရှိတယ်။ အဲဒီဟာ အဓိကသွားနေတာ ၁၂ လမ်း၊ မန္တလေးမြောက်ပြင် မြောက်ဘက်မြို့ရိုးရဲ့ဘေးက ကျုံးဘေးလမ်းကျမှာပေါ့ ၁၂ လမ်း၊ နောက်တခါ ဘာလုပ်သလဲဆိုတော့ မန္တလေးမြို့ အဝင်လမ်းပိုင်းတွေကို ဂိတ်တွေ ဂိတ်တွေကို ကွင်းလို့ရတဲ့ လမ်းတွေရှိတယ်။ အဲဒီ ကွင်းလမ်းတွေကို သူတို့လိုက်ပြီးတော့ ဘတ်ဖိုးနဲ့ကုတ်တာ ရှိတယ်။ ဘတ်ဖိုးနဲ့ ကုတ်တာကတော့ မတ္တရာဘက်အခြမ်းပေါ့။ ပုသိမ်ကြီးဘက် အခြမ်းမှာကျတော့ ဝါးလုံးတွေနဲ့ ကာတာပေါ့။ အဲဒါတွေ ပိတ်ဆို့တာတွေရှိတယ်” လို့ ပြောပါတယ်။
လက်ရှိ ပြင်ဦးလွင်-မန္တလေး ကားလမ်းမပေါ်မှာလည်း မန္တလေးဘက်ကိုသွားတဲ့ လမ်းကြောမှာ ကားအစီးရေ ထောင်နဲ့ချီပြီး ပိတ်မိနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာနေပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေကို ခုခံနိုင်စွမ်းမရှိတာရယ်၊ ပြည်သူတွေကို ကာကွယ်မပေးနိုင်ဘူး ဆိုတာ သိသာထင်ရှားနေတဲ့အတွက် အခုလို မြို့ကိုစွန့်ခွာ စစ်ရှောင်လာရတာလို့ မန္တလေးဘက်ကို စစ်ရှောင်လာတဲ့ မြို့ခံတဦးက DVB ကို ပြောပါတယ်။
“ဒီစစ်တပ်က ဘယ်လိုမှ မနိုင်နိုင်တော့ဘူး။ ပြည်သူကိုကာကွယ်ဖို့ ဆိုတာထက် သူတို့ကိုယ် သူတို့တောင် မကာကွယ်နိုင်ဘူး။ သေနတ်မရှိတဲ့ ပြည်သူကိုသာ သေနတ်ဖောက်ပြီး ခြိမ်းခြောက် အနိုင်ကျင့်နေတာ၊ တကယ်သေနတ်သံကြားရင် အကုန်ကြောက်နေကြတာ၊ သူတို့ယုံပြီးတော့ ဆက်မနေရဲတော့လို့ ပြေးလာရတာပါ” လို့ ပြောပါတယ်။
အလားတူပဲ MDY-PDF နဲ့ TNLA အပါအဝင် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက မန္တလေးမြို့ကို ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ၊ မန္တလေးမြို့မှာလည်း စစ်ပြင်နေတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသတွင်းမှာလည်း ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။
ငွေကြေးတတ်နိုင်သူတွေနဲ့ လုပ်ငန်းကြီးလုပ်ကိုင်သူ အများစုကတော့ ရန်ကုန်လိုနေရာမျိုးမှာ လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ ပြင်ဆင်နေတယ်လို့လည်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။
အမည်မဖော်လိုတဲ့ ရွှေဆိုင်ပိုင်ရှင်တဦးက “ကျနော်တို့ကတော့ ရန်ကုန်ဘက်ကို အရေးကြီးစာရွက်စာတမ်းနဲ့ ရုံးလုပ်ငန်းအားလုံးကို ရန်ကုန်ကိုပြောင်းရွှေ့ဖို့ စီစဉ်ပြီးပါပြီ။ ဒီရက်ပိုင်းမှာ စအကောင်အထည်ဖော်မှာပါ” လို့ DVB ကို ပြောပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးက ဇူလိုင် ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပြီး မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီစခန်း ၃၅ ခုအထိ သိမ်းယူထားတယ်လို့ ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ မြေပြင် စစ်ရေးအသာစီး မယူနိုင်တော့တဲ့အတွက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒေသတွင်း ပြည်သူတွေဟာ တိုက်ပွဲတွေကနေ ဘေးလွတ်ရာကို ဦးတည်ရာမဲ့ ခန့်မှန်း တိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
စဉ့်ကူးဒေသခံတဦးက “စဉ့်ကူး-သပိတ်ကျင်း တကြောလုံးက ဖြစ်နေတာဆိုတော့လေ၊ လေယာဉ်နဲ့ကတော့ မကြာမကြာ လာကြဲနေတာဆိုတော့ တချို့တွေလည်း ကြောက်ပြီးတော့ သွားကြတဲ့သူတွေ ရှိတာပေါ့။ နေရာအနှံ့ပေါ့၊ မန္တလေးသွားတဲ့သူရှိတယ်၊ တခြားနေရာတွေ သွားတဲ့သူတွေ ရှိတယ်ပေါ့။ စစ်ရှောင်တွေရဲ့ အခက်အခဲက စားသောက်ရေး အရမ်းခက်ခဲနေတယ်၊ သောက်ရေကအစ ခက်ခဲနေတယ်။ အဓိက ကျန်းမာရေးအခက်အခဲနဲ့ သူတို့ စားသောက်ရေး အခက်အခဲပေါ့နော်။ ပိုဆိုးတာတော့ ကျန်းမာရေးအခက်အခဲပေါ့။ တောင်းဆိုခဲ့ပေါင်းလည်း များနေပြီ၊ လောလောဆယ် ဘယ်ကမှ အဲ့လို လာရောက် ကူညီပေးနိုင်တာ ဘာညာ မရှိဘူးဖြစ်နေတာဆိုတော့ ကျနော်တို့လည်း ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ဘူး ဖြစ်နေတယ်ဗျ” လို့ ပြောပါတယ်။
MNDAA, TNLA, MDY-PDF အပါအဝင် တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်တွေက မိုးကုတ်၊ မိုးမိတ်၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို စတဲ့မြို့တွေကို တလကျော်အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပြင်ဦးလွင်နဲ့ မန္တလေးလို မြို့တွေကိုလည်း မကြာခင် ရောက်ရှိလာတော့မယ်လို့ မြို့ခံအများစုဟာ ယုံကြည်နေကြပါတယ်။
ဒါကြောင့်လည်း မြို့ခံပြည်သူတွေဟာ စိုးရိမ်ပြီး ပြောင်းရွှေ့စစ်ရှောင်ကြဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။
သုတချမ်းသာ