ပြင်ဦးလွင်မြို့ကနေ ရန်ကုန်ကိုသွားမယ့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်တွေဟာ အခုလ ၁၂ ရက်နေ့အထိ အရောင်းပြည့်နေပြီလို့ အဝေးပြေးယာဉ်လိုင်းတွေထံက သိရပါတယ်။
ပြင်ဦးလွင်ကနေ ရန်ကုန်ကိုသွားမယ့် အဝေးပြေးယာဉ်လိုင်းတွေထဲက တချို့ဟာ လက်မှတ်အရောင်း ပြည့်နေပြီဖြစ်သလို တချို့ယာဉ်လိုင်းတွေဟာလည်း လက်မှတ်ကုန်နေပြီ ဖြစ်တာကြောင့် ၁၂ ရက်နေ့ နောက်ပိုင်းကစပြီး ဘယ်နေ့မှာ ယာဉ်လိုင်းပြေးဆွဲနိုင်မယ်ဆိုတာ မသိရတော့ဘူးလို့ အဝေးပြေးယာဉ်လိုင်းတွေရဲ့ လက်မှတ်ရောင်းဝန်ထမ်းတွေက ပြောပါတယ်။
Elite ယာဉ်လိုင်းက လက်မှတ်ရောင်းဝန်ထမ်းတဦးက “၁၂ ရက်နေ့အထိ မရတော့ဘူးခင်ဗျ။ အကုန်ပြည့်နေပါပြီ။ ၁၂ ရက်နေ့ကတော့ ညနေပိုင်းတစီး အတွက်တော့ တခုံစာကျန်မယ်၊ မလိုက်ဖြစ်သူရှိရင် အကြောင်းကြားပါမယ်။ ကျန်တဲ့ရက်ပိုင်းတွေကတော့ သေချာမသိရသေးဘူးခင်ဗျ။ ၁၂ ရက်နေ့ ညနေပိုင်းကား ဆိုရင်တောင် ရိုးရိုးပဲရတော့မှာ” လို့ ပြောပါတယ်။
ပြင်ဦးလွင်-ရန်ကုန် ကားလက်မှတ်ဟာ ရိုးရိုးကားဆိုရင် တခုံကို ကျပ် ၂၉,၀၀၀၊ အထူးကားဆိုရင် ကျပ် ၃၉,၀၀၀ ဈေးနှုန်းသတ်မှတ်ထားပြီး ပုံမှန်နှုန်းထားအတိုင်းသာ ရောင်းချပေးနေတယ်လို့ အဆိုပါယာဉ်လိုင်းတွေထံက သိရပါတယ်။
JJ Express က လက်မှတ်ရောင်းဝန်ထမ်းတဦးက “၁၃ ရက်နေ့အတွက် လောလောဆယ်တော့ မနက်ကား၊ ညနေကား ရသေးပါတယ်ခင်ဗျ။ အဲဒီနောက်ပိုင်း ရ မရ ဆိုတာတော့ သေချာမပြောနိုင်ပါဘူး။ ဘွတ်ကင်ကြိုတင်ထားရင်တော့ ၁၃ ရက်နေ့နောက်ပိုင်း ဘယ်နေ့မှာ ယာဉ်လိုင်းထွက်မယ်ဆိုတာ ပြန်အကြောင်းကြားပေးပါ့မယ်။ တကယ်လို့ သွားမယ့်ရက်မှာ မထွက်နိုင်ဘူးဆိုရင်လည်း ငွေပြန်အမ်းပေးပါတယ်” လို့ ပြောပါတယ်။
ပြင်ဦးလွင်(မေမြို့)မှာ တိုက်ပွဲတွေဖြစ်ပွားတော့မယ်ဆိုတဲ့ သတင်းကြောင့် အဲဒီနေရာက ပြည်သူတွေဟာ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့တွေကို စစ်ရှောင်လာတဲ့အတွက် ခရီးသွားရာသီ မဟုတ်ပေမဲ့ ကားလက်မှတ်တွေဟာ အရင်ကထက် နှစ်ဆလောက် ရောင်းချနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့ကနေ မန္တလေးမြို့ကိုသွားနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ မန္တလေးအဝင် ၁၆ မိုင်ဂိတ်မှာ ပိတ်မိနေတဲ့ အခြေအနေတွေကြောင့် ယာဉ်လိုင်းမထွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်နေပြီး ကားလက်မှတ်ဈေးနှုန်းတွေလည်း ၂ ဆလောက် မြင့်တက်နေတယ်လို့ စစ်ရှောင်ပြည်သူတွေထံက သိရပါတယ်။