ရန်ကုန်မှာ ကွမ်းစားဆေးဘူးတကတ်ကို ကျပ် တသိန်းကျော်အထိ ဈေးတက်နေတယ်လို့ သီရိမင်္ဂလာဈေးသစ်က အရောင်းဒိုင်တွေထံက သိရပါတယ်။
ဩဂုတ်လ အစပိုင်းကစပြီး လူစားများတဲ့ ကွမ်းစားဆေးဘူးတွေ ဈေးတက်နေတာဖြစ်ပြီး လက်ရှိမှာ ပစ္စည်းပြတ်တဲ့အခြေအနေလည်း ဖြစ်နေကာ တခြား ကွမ်းစားဆေးဘူး အမျိုးအစားတွေလည်း ဈေးတွေတရိပ်ရပ်တက်နေတတယ်လို့ အဆိုပါအရောင်းဒိုင်တွေထံက သိရပါတယ်။
ဆေးဘူးရောင်းတဲ့သူတဦးက “ဘုရင်မလည်း ၁၂ ဘူးပါ တကတ်ကို တသိန်းကျော်နေပြီ။ နိုင်တီတူးကလည်း တသိန်းအထိ ရောက်နေတယ်။ ပြီးခဲ့တဲ့လတုန်းက တကတ်ကို ရှစ်သောင်းလောက်အထိဖြစ်ခဲ့တာ။ အခုတသိန်းအထိ ဖြစ်တာတောင် ရောင်းစရာပစ္စည်းက မရှိဖြစ်နေတာ။ ပစ္စည်းအဝင်မရှိလို့ ဈေးကတက်နေတာ”လို့ ပြောပါတယ်။
ဒီလိုကွမ်းစားဆေးဘူးတွေ ဈေးအဆမတန်မြင့်တက်နေတာကြောင့် ဒိုင်တွေကနေ ဝယ်ယူရောင်းချနေတဲ့ ကုန်စုံဆိုင်တွေဟာ အမြတ်ရဖို့ ကတ်လိုက်ပြန်ရောင်းတာထက် ဘူးလိုက်သာရောင်းချနေရတယ်လို့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ရန်ကုန်မှာ ကွမ်းစားဆေးဘူးအပြင် ကွမ်းရွက်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ကွမ်းရွက် တပိဿာကို ကျပ် ၃၈၀၀၀၊ ၄၀၀၀၀ လောက်အထိရှိနေသလို ကွမ်းရွက်အကြမ်း၊ ကွမ်းရွက် အသေးတပိဿာကိုပင် ကျပ် ၂၂၀၀၀ လောက်အထိ ဖြစ်နေတယ်လို့ ကွမ်းဒိုင်တွေထံက သိရပါတယ်။
ဒီလို ကွမ်းရွက်ဈေးနှုန်း၊ ကွမ်းစားဆေးဘူးတွေ အဆမတန်မြင့်တက်နေတာကြောင့် လမ်းမတွေမှာ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကြီးတွေသာမက ရပ်ကွက်အခြေပြုဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်အသေးလေးတွေပါ အရောင်းရပ်ထားရတယ်လို့ သိရပါတယ်။
ကွမ်းစားဆေးဘူးတွေကို အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အဓိကတင်သွင်းတာဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ မကောင်းတာကြောင့် အခုလို အဝင်နည်းလာတာဖြစ်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။