ရန်ကုန်မြို့က မြို့နယ်တွေကို စစ်ဘေးရှောင်လာကြတဲ့ အိမ်ထောင်စုတွေမှာ ထောက်ခံစာ မပါတဲ့အတွက် ရပ်ကွက်ရုံးတွေက ဧည့်စာရင်းမပေးကြသလို ဧည့်စာရင်းစစ်ချိန်မှာ ဒဏ်ရိုက်တာတွေလည်း ရှိနေတယ်လို့ စစ်ရှောင်မိသားစုတွေက ပြောပါတယ်။
ရန်ကုန်ကို စစ်ရှောင်လာကြသူတွေဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရောက်မှ ပိုမိုများပြားလာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်က မိသားစုတွေ ပါဝင်လာကြပါတယ်။
မတ္တရာစစ်ရှောင်မိသားစုဝင်တဦးက “တိုက်ပွဲက ရွှေလုပ်ကွက်ဖော်ထားတဲ့တောင်ရဲ့ မြောက်ဘက်နားမှာ ဖြစ်တာ။ ရွာတွေက တောင်ခြေဘက်နားဆိုတော့ ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး မပြောင်းဘူး။ တောင်ပေါ်က စစ်တပ်က မတ္တရာ ပုသိမ်ကြီးအစပ်က လမ်းကို လက်နက်ကြီးတွေနဲ့ ပစ်လာတော့ ရွာတွေထဲကျ၊ နွားတွေသေ လူတွေမှန်ကုန်တာနဲ့ ပြေးလာကြတာ။ ထောက်ခံစာမပြောနဲ့ ဘာမှကိုမသယ်နိုင်ဘူး” လို့ ပြောပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အနန်းပင်ရပ်ကွက်နဲ့ ကြံခင်းစုရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက္ကံမြို့သစ်တို့မှာတော့ ဧည့်စာရင်းစစ်ဆေးတာကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စစ်ကောင်စီရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပေါင်းပြီး လုပ်ဆောင်နေကြသလို ထောက်ခံစာမပါလို့ ဧည့်စာရင်းမပေးထားတဲ့ နေအိမ်တွေကို သဲအိတ်တွေ၊ ဓာတ်ဆီဘူးတွေ ဝယ်ခိုင်းတာ၊ ငွေဒဏ်အဖြစ် တအိမ် ၂၀,၀၀၀ တောင်းတာမျိုးတွေ ပြုလုပ်နေကြပါတယ်။
မင်္ဂလာဒုံမြို့ခံတဦးက “စစ်ရှောင်မှ မဟုတ်ဘူး၊ ဒီရပ်ကွက်နေလာတာ ၁၀ နှစ်လောက် ကြာလည်း မြို့နယ်သန်းခေါင်စာရင်း မတူရင် ဧည့်စာရင်းကို တိုင်ခိုင်းနေတာ။ ရက်ကျော်ရင် ဓာတ်ဆီ ၂ ဘူး ပေးရတယ်။ ဆီများနေရင် ရုံးရှေ့ကာထားတဲ့ သဲအိတ်ဖိုး ၁၀,၀၀၀ ပေးရတယ်။ မပေးနိုင်ရင် ကိုယ်တိုင်သွားပို့ပေးရတယ်။ ဧည့်စာရင်း လုံးဝမတိုင်ထားရသေးတဲ့ အိမ်တွေဆို ၂၀,၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။
မြို့နယ်ပြောင်းလာတဲ့ ထောက်ခံစာ မပါလာတာကြောင့် ရန်ကုန်က မြို့နယ်တွေမှာ ဧည့်စာရင်းမပေးကြသလို နေထိုင်ကြောင်း ထောက်ခံစာတွေပါ ထုတ်မပေးတာကြောင့် အလုပ်အကိုင် ရှာရခက်တာတွေပါ ဖြစ်ပေါ်နေပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးက အိမ်နဲ့ တိုက်ခန်းအငှားစျေးနှုန်းတွေဟာ ၂၀၂၄ ဇွန်လကစလို့ သိသိသာသာ မြင့်တက်လာတာနဲ့ ရပ်ကွက်အတွင်း နေထိုင်ခွင့် ဧည့်စာရင်း မပေးတာတွေကြောင့် စစ်ရှောင်မိသားစုတချို့ဟာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြရပါတယ်။