Home
မြန်မာသတင်း
ရန်ကုန်တွင် စားသုံးဆီဝယ်ယူခွင့်ရရန် ပြည်သူများအချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းနေရ 
DVB
·
August 1, 2024
ရန်ကုန်၊ စံပြစျေး၌ ဩဂုတ် ၁ ရက်မနက်က ဆီဝယ်ယူရန် စောင့်နေကြရသည့် ပြည်သူများ။

ရန်ကုန်မြို့မှာ စားသုံးဆီလိုအပ်ချက် မြင့်တက်နေပြီး ခွဲတန်းနဲ့ ရောင်းပေးနေတဲ့ ဆိုင်တွေမှာ ဝယ်ယူခွင့်ရဖို့ ပြည်သူတွေ အချိန်ပေး​တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့သူတွေဆီက သိရပါတယ်။

ဆီဝယ်ယူခွင့် ကတ်ပြားတွေကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးတွေနဲ့ ဆီဆိုင်တွေက ထုတ်ပေးပြီး အဲဒီကတ်ရဖို့ ကိုလည်း စောင့်ဆိုင်းရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေးမှာ စားသုံးဆီသွားရောက်စောင့်ဆိုင်းဝယ်ယူခဲ့သူတဦးက "မနက်အစောကြီးကတည်းက ဆီဝယ်ခွင့်ရဖို့စောင့်ခဲ့ရတာ။ ကိုယ့်လိုပဲ စောင့်နေတဲ့သူမနည်းဘူး။ ကြိတ်ကြိတ်ကိုတိုးနေတာ။ တန်းစီပြီး စကားများကြတာလည်းခဏခဏပဲ။ စည်ပင်ဝန်ထမ်းတွေက လာထိန်း ရတယ်"လို့ ပြောပါတယ်။

ဆီကိုယ်စားလှယ်ဆိုင်တွေက လူတဦးကို စားသုံးဆီ ၅၀ သား၊ တပိဿာစတဲ့ ခွဲတန်းနဲ့ ရောင်းပေးနေကာ ဒီနေ့မှာ ဆီ တပိဿာကို ၅၈၈၅ ကျပ်နူန်းရှိတယ်လို့ ဆီဝယ်ယူခဲ့သူတွေဆီက သိရပါတယ်။

အချိန်ပေးကာဆီသွားရောက်ဝယ်ယူသူတွေထဲမှာ အိမ်သုံးအတွက်လိုအပ်တဲ့သူတွေပါသလို တဆင့်ခံ ပြန်ဝယ်သူတွေဆီ ရောင်းဖို့ရည်ရွယ်တဲ့သူတွေလည်းပါ ဝင်ပါတယ်။

ကိုယ်တိုင်စားသုံးဆီဝယ်ယူခဲ့သူတဦးက "အကြော်လှော်ရောင်းတဲ့ဆိုင်တွေက ပြန်ဝယ်တယ်။ တပိဿာကို ၈၀၀၀ ၊ ၉၀၀၀ ပေးတယ်။ ဒီအချိန်အသုံးစရိတ်ခက်ခဲနေချိန်မှာ ပြန်ရောင်းတော့ အိမ်အတွက် စျေးဖိုးပြန်ရတယ်"လို့ ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ကောင်စီဝန်ကြီးချုပ်က စားသုံးဆီကို တန်းစီ၊ တိုးဝှေ့ယူရတဲ့ အခြေအနေမျိုးမဖြစ် အောင်ဆောင်ရွက်ဖို့ကို မကြာခင်ကခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားခဲ့ ပါတယ်။

ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းကလည်း ရန်ကုန်တိုင်းရှိ မြို့နယ် ၄၄ ခုမှာ ဆီဝယ်ယူရ အဆင်ပြေအောင် အိမ်တိုင်ရာရောက် ခွဲတန်းနဲ့ရောင်းချပေးနိူင် ဖို့စီစဥ်နေတယ်ဆိုပြီးလည်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ သမဝါယမစနစ်ဟာ အသင့်လျော်ဆုံးဖြစ်တာကြောင့် သမဝါယမအသင်းတွေဖွဲ့စည်း ဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013