Home
မြန်မာသတင်း
ရန်ကုန်တွင်  စားသုံးဆီ လက်ကားဈေးဖြင့် ရောင်းပေးမည်
DVB
·
July 31, 2024

ရန်ကုန်တိုင်း ၄၄ မြို့နယ်မှာ စားသုံးဆီကို ဇူလိုင် ၃၁ ရက်က စပြီး လက်ကားရည်ညွှန်းဈေးအတိုင်းအိမ်တိုင်ရာ ရောက်ဖြန့်ဖြူးရောင်းချပေးမယ်လို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ဇူလိုင် ၃၀ ရက်မှာ ကြေညာထားပါတယ်။

အခြေခံလူတန်းစားတွေက ဘယ်လို ဝယ်ယူရမယ်ဆိုတာ မသိတာနဲ့ ကြေညာချက်ကြောင့် ဆီဆိုင်တချို့မှာ ဆီမရောင်းတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ရန်ကုန်တိုင်း ခရမ်းမြို့နယ်က အိမ်ရှင်မတဦးက ပြောပါတယ်။

“အခု ဒီမနက်ပိုင်းအထိတော့ ဘာမှမထူးခြားသေးဘူးပေါ့။ အကုန်လုံးကလည်း သိနေတော့ တချို့ဆိုင်တွေဆို ဆီမရောင်းတော့ဘူး။ တချို့ဆိုင်တွေကကျတော့ တန်းစီရင်တော့ အစိတ်သားရတာပေါ့။ လောလောဆယ် သူတို့ ကြေညာထားတာပဲ ရှိတာလေ။ ပြည်သူတွေဆီကို တိုက်ရိုက် ရပ်ကွက်တွေဆီကို တိုက်ရိုက်တော့ ဘာမှ မလာသေးဘူး။ အိမ်ရှင်မတွေ ဘယ်လို ဝယ်ချက်ကြမလဲ မရောင်းဘူးဆိုတော့ အခု အဲတာ ဂယက်ထနေတာပေါ့။ တချို့ကျတော့လည်း တနေ့တနေ့ အစိတ်သားကို သွားတန်းစီဖို့ အချိန်မရတော့ ဒုက္ခရောက်တာပေါ့။”

ဆီကို လက်ကားဈေးနဲ့ အိမ်တိုင်ရာရောက် လာရောင်းပေးမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေမှာလည်း စားသုံးဆီ လက်လီဝယ်ယူလို့ မရကြောင်း တချို့သော မြို့နယ်နေ ပြည်သူတွေဆီကနေလည်းသိရပါတယ်။

စားသုံးဆီဈေးက ပြင်ပပေါက်ဈေးနဲ့ သတ်မှတ်ရည်ညွှန်းဈေးတွေက ကွာဟနေတဲ့အတွက် ပြည်သူတွေအနေနဲ့ကတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တဆင့်ရောင်းပေးတဲ့ အချိန်ကိုပဲ စောင့်ဝယ်ယူနေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေ အိမ်ရှင်မတဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာက တလကို နှစ်ကြိမ်ဝယ်လို့ရတယ်။ ပထမတခေါက်က ကျမတို့ ဝယ်ထားတုန်းကဆိုရင် တပိဿာ ၈၅၀၀ နဲ့ပေါ့၊ နှစ်ပတ်တခါ ရပ်ကွက်ရုံးက ရောင်းပေးတာလေ။ ဒါပေမဲ့ ထုတ်ရင်တော့ အောင်မြန်မာဆီဆိုင်မှာ သွားထုတ်ရတယ်။ ဟိုးလတွေကဆို ဒီဟာမတိုင်ခင်က  တအိမ် ၃ ပိဿာလောက် ရတယ်။ ရှေ့တခေါက်ကတော့ တပိဿာပဲ ရတော့တယ်။ ဒီလအတွက်က စနေနေ့မှ ရောင်းမယ် ပြောတယ်။ အဲဒီတော့ အဲတော့မှပဲ သိရမှာပဲ။ အပြင်မှာ  ၁၂၀၀၀၊ ၁၃၀၀၀ ဈေးဆိုတော့ ရပ်ကွက်က ရောင်းပေးတာပဲ ကျမတို့က စောင့်ပြီး ဝယ်ရတော့တာပဲ။”

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဖုန်းဆက်မေးမြန်းကြည့်ရာမှာတော့ စာရင်းတွေပိတ်နေလို့ အလုပ်များနေပြီး ရောင်းချပေးမယ့် ပုံစံနဲ့ မြို့တွေကတော့ ထုတ်ပြန်ချက်ပါအတိုင်း ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ၄၄ မြို့နယ်ကို လက်ကားရည်ညွှန်းဈေးကို အခြေခံပြီး ဘူးခွံဖိုးနဲ့ ဘူးသွပ်ခပဲ တွက်ချက်ပြီး ကောလ်စင်တာကို ဖုန်းဆက် မှာယူရင် အိမ်အရောက်ငွေချေစနစ်နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ ပါရှိပါတယ်။

တလမှာ တအိမ်ထောင်ကို ၂ ပိဿာနှုန်းနဲ့ ဝယ်ယူနိုင်ဖို့ကို စားအုန်းဆီ အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက နိုင်ငံခြားငွေကြေး ရှားပါးလာတဲ့အတွက် စားအုန်းဆီ တင်သွင်းမှုကို ထက်ဝက်နီးပါး လျှော့ချထားတာဖြစ်တဲ့အတွက် ဈေးကွက်ထဲ စားသုံးဆီ ရှားပါးတဲ့ပြဿနာတွေက ဆက်လက်ကြုံနေရမှာလည်း ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013