Home
မြန်မာသတင်း
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ထပ်တွေ့သဖြင့် သာကေတတွင် လမ်းဘေးဆိုင်များ ပိတ်ခိုင်း
DVB
·
July 25, 2024

ရန်ကုန်တိုင်းအတွင်း သာကေတမြို့နယ် အပါအဝင် ဒေါပုံ၊ ဒဂုံဆိပ်ကိမ်း၊ ရွှေပြည်သာနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေ ထပ်မံ တွေ့ရှိလာပါတယ်။

သာကေတမြို့နယ်အတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေ တွေ့ရှိနေသေးတာကြောင့် အစားအသောက်ရောင်းချတဲ့ ဈေးဆိုင်တချို့ကို ဇူလိုင်လကုန်အထိ ပိတ်ခိုင်းထားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်တဲ့ အဖွဲ့တွေ ရပ်ကွက်တွေအတွင်း ဆေးဖျန်းတာတွေ၊ ကလိုရင်းဆေး လိုက်လံဝေတာတွေ၊ ကျန်းမာရေး အသိပေး လိုက်ပြောတာတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်သူ မဆုထက်က “အမှန်အတိုင်းပြောရရင် ကူးစက်ရောဂါကို ကိုယ်ကလည်း ကြောက်တတ်တယ်။ အရမ်းလန့်နေတာ။ အရှင်းဆုံးပြောရင် လူတိုင်းက အပြင်စာ မကင်းဘူးလေ။ မနေ့ကလည်း အသုပ်တွေ ဘာတွေ စားထားတော့ နည်းနည်း လန့်နေတာ။ အိမ်မှာလည်း ကလေးတွေ ဘာတွေ ရှိတော့ ဂရုစိုက်နေရတယ်။ တချို့ဆို ဆေးရုံတွေတောင် တော်တော်များနေလို့ လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ဒီမှာက အဆင်ပြေဖို့ တော်တော်ခဲယဉ်းတယ်။ ဒီမှာ ကူးစက်ဆေးရုံက ရှိမနေတော့ ရန်ကုန်ဆေးရုံကြီးမှာ တင်နေရတယ်။ အဓိကကတော့ ဆင်ခြင်ရမှာပေါ့။ ရေက ကျိုချက်သောက်လို့ ရတယ်။ အခုအနေအထားနဲ့က မီးကမလာတာနဲ့ တော်တန်ရုံ ဂရုစိုက်ဖို့ တော်တော်ခဲယဉ်းတဲ့ အနေအထား ဖြစ်နေတာ” လို့ ပြောပါတယ်။

၂၀၂၄ ဇူလိုင်လ ပထမပတ်က စတင်ကာ ဒေါပုံမြို့နယ်မှာ ကာလဝမ်းရောဂါ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီနောက် သာကေတမြို့နယ် အပါအဝင် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်လောက်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေ အယောက် ၃၀၀ ထက်မနည်း တွေ့ရှိခဲ့တာပါ။

သင်္ဃန်းကျွန်းမြို့နယ်မှာလည်း ဇူလိုင်လ တတိယပတ်အတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားသူတွေ တွေ့ရှိတာကြောင့် လမ်းဘေးဆိုင်တချို့ ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူစည်ကားရာ နေရာတွေမှာတော့ လမ်းဘေးဆိုင်တွေပိတ်တာ မရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက “အမတို့က သင်္ဃန်းကျွန်းစံပြရပ်ကွက်၊ စံပြ ၈ လမ်းမှာ နေတာ။ လောလောဆယ် လမ်းထဲမှာ ၂ ယောက် ဆေးရုံတင်ရတယ် ကြားတယ်။ မနေ့က မနက် ၁၀ နာရီ ပတ်ချာလည်မှာ ကျမတို့တိုက်တွေကို ဆေးပြားတွေ လိုက်ဝေတယ်။ ကလိုရင်းဆေးပြားလို့ ထင်ပါတယ်။ ကျမတို့က အခုလောလောဆယ် ရေသန့်ပဲသုံးတယ်။ အပြင်အစားအစာ လုံးဝမစားတာ ကြာပြီ။ သတင်းတွေ စကြားကတည်းက အပြင်အစားအစာ မစားတာပေါ့နော်။ ကျမက ရေသန့် ကြိုတင်စုဆောင်းထားတဲ့သူဆိုတော့ လတ်တလောမှာ သောက်ရေကို ရေသန့်တွေပဲ သုံးနေတယ်” လို့ ပြောပါတယ်။

ပုံမှန် ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုရင် စိုးရိမ်စရာမရှိ အချိန်မီ ကုသလို့ရပေမဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုရင် ကူးစက်မှုမရှိအောင် ရေကို ကျိုချက်သောက်တာ၊ လက်ကို အစာမစားခင်နဲ့ အစာစားပြီးချိန်တွေ စနစ်တကျ ဆေးကြောပေးရမယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

တယ်လီကျန်းမာအစီအစဉ်မှ ဒေါက်တာ ဆုတောင်းပြည့်က “ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ကုသတဲ့အခါ ရေဓာတ် ခန်းခြောက်မှုက အရေးကြီးတယ်။ အဓိကကတော့ ဓာတ်ဆားပေါ့။ ဓာတ်ဆားကို မဖြစ်မနေ BPI ဓာတ်ဆား သောက်ရမယ်။ ကာလဝမ်းတို့ ပြင်းထန်ဝမ်းရောဂါတို့ဆို ဓာတ်ဆား ပိုသောက်ရမယ်။ ဒီထက်ပို ရေဓာတ်ခန်းခြောက်မယ်ဆို ဓာတ်ဆားတင် မရတော့ဘူး။ အကြောဆေးပေါ့ အရပ်အခေါ်ဆို ပုလင်းတွေဘာတွေ ချိတ်ရမယ်။ နောက်တခု ဇင့်ပေါ့။ ဇင့် ဆေးဝါးကလည်း ဝမ်းပျက်ဝမ်းလျှောအတွက် ကောင်းတယ်။ လိုအပ်လို့ရှိရင် ပဋိဇီဝဆေးလည်း တိုက်ကျွေးသင့်တယ်။ ဒီလိုမျိုး ပိုးသတ်ဆေးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှော ပြင်းထန်တာ၊ ကူးစက်နှုန်း လျှော့ချနိုင်တယ်။ အဓိကကတော့ ဓာတ်ဆားပါပဲ။ BPI ဓာတ်ဆားသောက်ဖို့ လိုတယ်။ ရေဓာတ်ဆုံးရှုံးသွားတာ ပြန်ဖြည့်ဖို့လိုတယ်” လို့ အကြံပြုပါတယ်။

သာကေတမြို့နယ်မှာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် သောက်ရေကန်တွေကနေ ရေခပ်တာ၊ အဲဒီရေတွေကို ပြန်လည်ရောင်းချတာမျိုး မပြုလုပ်ဖို့ အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

ဇူလိုင်လ ပထမပတ်ကစလို့ ဇူလိုင် ၆ ရက်အထိ ၅ ရက်တာအတွင်း သာကေတမြို့နယ်မှာ ဝမ်းရောဂါနဲ့ သေဆုံးသူ ၅ ဦးအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ လက်ရှိအချိန်ထိ ဝမ်းရောဂါကြောင့် သေဆုံးလူနာ မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013