ရန်ကုန်၊ လသာမြို့နယ်၊ ၁၉ လမ်း Black House Bar မှာ ဇူလိုင် ၂၁ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဗုံးပေါက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Black House Bar အတွင်းမှာ မနေ့ည ၁၁ နာရီဝန်းကျင်က ၁၉ လမ်းအတွင်း လူအများ စားသောက်နေတဲ့ စားပွဲဝိုင်းတဝိုင်းအောက်မှ ဗုံးပေါက်ခဲ့တာဖြစ်ပြီး အနီးဝန်းကျင်မှာရှိတဲ့ စားသုံးသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
"၁၀ နာရီ ၄၅ လောက်မှာ ဗုံးပေါက်တာ စားပွဲအောက်က ပေါက်တယ် ပြောတယ်။ လူတွေ အ ပြေးအလွှား ဖြစ်ကုန်တယ်။ လူကြီးတယောက် လည်ပင်းက သွေးတွေ ထွက်နေတယ်။ ကောင်လေးတယောက်က ခြေထောက် ထိတယ်။ တယောက်က နားထင်နားကို ထိသွားတယ်။”
ဗုံးပေါက်ပြီးနောက် စားသောက်ဆိုင်တွေမှာ လာရောက်စားသုံးနေသူတွေ ထွက်ပြေးကြပြီး ဆိုင်တွေလည်း အမြန်ပိတ်ကြတယ်လို့ ၁၉ လမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
"လူနာတင်ကားတွေ ရောက်လာပြီး ဒဏ်ရာရတဲ့သူတွေ တင်သွားတယ်။ တယောက် သေတယ် ကြားတယ်။ ဈေးဆိုင်တွေလည်း ပိတ် လူတွေလည်း အကုန်ပြေးကြတာ။”
လူတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အတိအကျမသိရသေးသလို ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကား ၄ စီး ရောက်လာကာ ၁၉ လမ်းကို ပိတ်ဆို့စစ်ဆေးကာ ဈေးဆိုင်တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။