Home
မြန်မာသတင်း
ဘဏ်များတွင် ကျပ်သိန်း ၂၀၀ ကျော် ငွေထုတ်လိုပါက စာတင်ရမည်
DVB
·
July 15, 2024

ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေမှာ အကန့်အသတ်မရှိ ငွေထုတ်ခွင့်ရတယ်ဆိုပေမဲ့ ကျပ် သိန်း ၂၀၀ အထက် ထုတ်ယူမယ်ဆိုရင် အကြောင်းအရင်းကို စာတင်မှသာ ထုတ်ခွင့်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကျပ်သိန်း ၂၀၀ အထက် ငွေထုတ်မယ်ဆိုရင်တော့ ထုတ်ယူလိုတဲ့အကြောင်းအရင်းကို ဘဏ်မန်နေဂျာထံ စာတင်ပြီးမှ ထုတ်ယူခွင့်ပြုနေပြီး ကန့်သတ်ချက်တွေရှိသေးကာ အကြောင်းအရင်းတချို့အတွက်ဆိုရင် သိန်း ၂၀၀ အထက်ထုတ်ခွင့်မပေးဘူးလို့ ငွေထုတ်နေသူတွေကပြောပါတယ်။

CB ဘဏ် ဝန်ထမ်းတဦးက “အိမ်၊ ခြံမြေ၊ တိုက်ခန်း၊ ကား၊ ရွှေငွေ၊ ကျောက်မျက်ရတနာ ဝယ်ဖို့အတွက် ကျပ်သိန်း ၂၀၀ ကျော် ထုတ်ချင်တယ်ဆိုရင် မရပါဘူး။ သိန်း ၂၀၀ အထိတော့ ထုတ်ခွင့်ပေးထားပါတယ်။ စာတင်လို့ ခွင့်ပြုတယ်ဆိုရင်တော့ ရပါတယ်”လို့ ပြောပါတယ်။

ဒီနေ့မှာ ဘဏ်တွေအပြင် ATM စက်တွေမှာပါ အကန့်အသတ်မရှိ ငွေထုတ်ခွင့်ရတယ် ဆိုတာကြောင့် ရန်ကုန်ရှိ ဘဏ်တွေနဲ့ ATM စက်တွေမှာ ငွေထုတ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကို မြင်တွေ့နေရတယ်လို့  ဘဏ်မှာ ငွေထုတ်ခဲ့သူတဦးက ပြောပါသေးတယ်။

အာဏာသိမ်းပြီး ၃ နှစ်ကျော် ကြာလာတဲ့အချိန်အထိနောက်ပိုင်း မြန်မာပြည်တွင်းက ပြည်သူတွေဟာ စားအုန်းဆီ တန်းစီရတာ၊ စက်သုံးဆီ တန်းစီရတာ၊ ဆန်ရဖို့ တန်းစီရတာနဲ့ ဘဏ်တွေမှာငွေထုတ်ဖို့ တန်းစီရတာတွေ ကြုံတွေ့နေကြရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ဘဏ်တွေမှာ ငွေထုတ်ခွင့်ရတယ်ဆိုပေမယ့် Kpay  တို့ Wave တို့က တချို့ဆိုင်တွေမှာ သိန်းဂဏန်းအထက် ထုတ်ဖို့ခက်ခဲနေသေးတယ်။ ကိုယ်စားလှယ်ဆိုင်တွေ ကလည်း သူတို့အကောင့်ထဲက ပိုက်ဆံထုတ်လို့ရရင် ရာခိုင်နှုန်းပြန်လျှော့တာ၊ လာထုတ်သလောက် ထုတ်ပေးနိုင်မယ်လို့ ပြောတယ်ဗျ။ တရက် နှစ်ရက်လောက်တော့ စောင့်ကြည့်ဦးမယ်လို့ ပြောတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စစ်ကောင်စီက ပုဂ္ဂလိကဘဏ်တာဝန်ရှိသူတွေကို နေပြည်တော်မှာ ခေါ်ပြီးတွေ့ဆုံပြီးတဲ့နောက် အခုလိုခြေအနေတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီနောက် ဘဏ်တွေဟာ ငွေကြေးကို အကန့်အသတ်နဲ့ထုတ်ပေးခဲ့သလို ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းတွေကလည်း ရာခိုင်နှုန်းတိုးမြှင့်တာနဲ့ လိုသလောက် ထုတ်ယူခွင့်မပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013