Home
မြန်မာသတင်း
ရန်ကုန်တွင် ပြင်းထန်ဝမ်းရောဂါအတွက် ကြက်ခြေနီနှင့်လူမှုကူညီရေးအသင်းများ အသိပညာပေး
DVB
·
July 12, 2024
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ
ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများ

ရန်ကုန်မြို့မှာ ဇူလိုင်လဆန်းကစလို့ ပြင်းထန်ဝမ်းရောဂါ ဖြစ်ပွားသူ ရာနဲ့ချီလာတဲ့နောက် မြို့နယ်ကြက်ခြေနီတွေနဲ့ လူမှုကူညီရေးအသင်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေက မြေပြင်ဆင်းပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအဖွဲ့တွေဟာ မြို့နယ်တွေထဲရှိ အများပြည်သူသုံးနေရာတွေ၊ ဘုန်းကြီးကျောင်း၊ ရပ်ကွက်၊ စျေးနဲ့ စာသင်ကျောင်းတွေမှာ ကလိုရင်း ရေထဲထည့်ခြင်း၊ ပိုးသတ်ဆေးဖျန်းပေးခြင်းတွေ၊ အိမ်သာစစ်ဆေးခြင်းတွေအပြင် ဓာတ်ဆားဝေပေးတာတွေနဲ့ တကိုယ်ရည် သန့်သန့်ရှင်းရှင်း နေထိုင်ဖို့ လိုက်လံအသိပေးနေတာပါ။

မြို့နယ်ကြက်ခြေနီအသင်းဝင်တဦးက “သန့် ၄ သန့်နဲ့ သန့် ၅ သန့်အရ ဒေသန္တရက အဖွဲ့တွေနဲ့ လိုက်ပါလုပ်ဆောင်တာပါ။ ဒါက အဓိက ရေနဲ့ အစားအစာကနေ ဖြစ်တာ။ လမ်းဘေးဆို ယင်နားစာကနေလည်း ဖြစ်ပွားတတ်ပါတယ်။ တခြားမြို့နယ်တွေလည်း ရပ်ကွက်အလိုက် လုပ်ကြပါတယ်။ စစချင်းက လူကြီးတွေ၊ အခု ကလေးလေးတွေ အဖြစ်များလာတယ်” လို့ ပြောပါတယ်။

ဇူလိုင်လဆန်းမှာ သာကေတမြို့နယ်ရှိ ရပ်ကွက်တခုကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ဝမ်းရောဂါဟာ စတင်ပြန့်ပွားပြီး ၁ ပတ်အတွင်းမှာ ကျန်းမာရေးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ကူးစက်ခံစားနေရသူ အယောက် ၃၅၀ ကျော်သွားခဲ့တာ တွေ့ရပါတယ်။

ပြင်းထန်ဝမ်းရောဂါဟာ ဝမ်းရောဂါပိုးပါဝင်တဲ့ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာကို စားသုံးမိရာက ကူးစက်ဖြစ်ပွားနိုင်ပြီး ရာသီမရွေး ဖြစ်ပွားနိုင်ပေမဲ့ မိုးဦးကာလနဲ့ မိုးအကုန် ဆောင်းအကူးမှာ ပိုမိုဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ကျောင်းဆရာမတဦးက “ကျောင်းတွင်းတော့ အဓိက သောက်ရေပုံးတွေ သန့်သန့်ရှင်းရှင်း ထားပေးတယ်။ မုန့်စျေးတန်းမှာ ဝင်စစ်တာတွေလည်း ရှိတယ်။ ကျောင်းသုံးအိမ်သာကတော့ ၂ ရက်တခါလောက် ထုံးတွေ၊ ပိုးသတ်ဆေးတွေ လာဖျန်းပေးကြတယ်။ ကလေးတွေဆိုတော့ အဓိက လက်ဆေးပြီး စားကြဖို့တွေ၊ လက်သည်းပုံမှန်ညှပ်ဖို့တွေလောက်ပါပဲ” လို့ ပြောပါတယ်။

ဒီရောဂါကြောင့် သေဆုံးသူ မရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ဇူလိုင် ၉ ရက်က ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတဦး ဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေး ပြိုင်တူဖြစ်ပွားခဲ့လို့ အင်းစိန်ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024