ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ပိုင်ဆိုင်တဲ့ ‘ရွှေပြည်ကျော်’ လျှပ်စစ်ပစ္စည်းဆိုင် လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လပွတ္တာမြို့ အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းရှိ ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်အဆင့် ကော်မတီဝင် ဦးညိုဝင်းဆိုသူ ပိုင်ဆိုင်တဲ့ ‘ရွှေပြည်ကျော်’ လျှပ်စစ်ပစ္စည်းဆိုင်မှာ ဇူလိုင် ၁၀ ရက် နေ့လယ်က လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရပြီးနောက် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “ခပ်ငယ်ငယ် ကောင်လေး ၂ ယောက် အဖမ်းခံရတာ။ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်ကပဲ၊ နာမည်တွေတော့ မသိသေးဘူး” လို့ ပြောပါတယ်။
အဲဒီလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ မြို့နယ်နဲ့ ခရိုင်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းကာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ တက်တာ၊ အားကစားပွဲတွေလုပ်တာ၊ ပြည်သူ့စစ်ဖွဲ့တာ၊ စစ်မှုထမ်းကိစ္စတွေမှာ ပါဝင်တာ၊ စစ်ကောင်စီကို ထောက်ခံတဲ့ပွဲတွေ လုပ်တာ စတဲ့ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်နေသူလို့ ဆိုပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖမ်းသွားတာတော့ မှန်တယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာတော့ လောလောဆယ် မသိသေးဘူး။ အဖမ်းခံရတဲ့နှစ်ယောက်က လူငယ်တွေပါ။ ရဲစခန်းမှာထားပြီး စကစတပ်က စစ်ဆေးနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က ဆိုင်ရဲ့ စီစီတီဗီမှတ်တမ်းကို ယူပြီး ဖြစ်စဉ်စဖြစ်တဲ့ ဇူလိုင် ၁၀ ရက်ကနေ ဒီနေ့ ၁၂ ရက်အထိ လပွတ္တာမြို့အဝင်အထွက် ဂိတ်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း လပွတ္တာမြို့ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပြီးခဲ့တဲ့ မေ ၁၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ ရုံးစာရေးတယောက် ထိခိုက်ဒဏ်ရာ ရရှိသွားသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။