Home
မြန်မာသတင်း
ထီးလင်းတွင် စစ်တပ်စခန်း ၈ ခုနှင့် နတ်တလင်း၌ ရဲနှင့်ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
July 12, 2024
Photo Crd-YNRF

မကွေးတိုင်း၊ ထီးလင်းမြို့မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ တပ်စခန်း ၈ ခုကို တရက်တည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း (YNRF) က ဇူလိုင် ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

YURF တာဝန်ခံတဦးက “အခုတိုက်ခိုက်မှုဟာ စစ်ဒေသရဲ့ ညွှန်ကြားချက်ကို ရတဲ့နည်းနဲ့ စစ်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး ထီးလင်းမြို့က စစ်​ကောင်စီတပ်သားတွေကို အားစမ်း ထိုးစစ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ မီးသတ်ရုံး၊ ရဲစခန်းကုန်း၊ ဗျာဒိတ်ကုန်း၊ အောင်တော်မူကုန်း၊ ရုပ်သံလွှင့်စက်ရုံကုန်း၊ စိုက်ပျိုးရေးရုံး၊ စာသင်ကျောင်းတွေကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

YURF စစ်ဆင်ရေးတာဝန်ခံတဦးက “ဗျာဒိတ်ကုန်းနားမှာဆိုရင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်ပွားခဲ့သေးတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထီးလင်းမြို့က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာ ၈ ခုကို ဒရုန်းနဲ့ ဗုံးသီး ၂၃ လုံး၊ လက်လုပ် ၁၀၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ၆၀ မမ ဗုံးသီး ၂၀ လုံး၊ Rocket ၁၀ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ထီးလင်းမြို့က ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုရဲစခန်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ ရဲနဲ့ ပျူစောထီးအဖွဲ့ကို ဇူလိုင် ၁၀ ရက် ည ၁၁ နာရီလောက်က သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း-၃၈၀၁၊ တပ်ခွဲ ၂၊ PHOENIX DF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်ညိုရဲစခန်းကနေ ကင်းလှည့်လာတဲ့ ရဲနဲ့ ပျူစောထီးအဖွဲ့က အင်အား ၁၂ ဦးနီးပါး ပါရှိပြီး ကင်းလှည့်နေတာ နှစ်ပတ်ခန့်ရှိကာ PHOENIX DF အဖွဲ့က ရီမုမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ PHOENIX DF အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“အောင်ရတနာအုပ်စု၊ ညောင်လှရွာ စာသင်ကျောင်းအရှေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ် ၅ စီးနဲ့ ကင်းပတ်နေတာ။ ကင်းပတ်‌နေတာက နှစ်ပတ်လောက်တော့ကြာပြီ။ တခါတလေ အင်အား ၁၀၀ ကျော် ဆိုင်ကယ်အစီး ၇၀ လောက်နဲ့ ကင်းပတ်နေကြတာတောင် ရှိတယ်။ ဟိုအရင်ကတော့ ဆွဲမိုင်းသုံးပြီး တိုက်ခိုက်ပေမဲ့ အခုက သူတို့နဲ့ အရမ်းလည်း နီးကပ်တယ်၊ အန္တရာယ်လည်းများလို့ ရီမုမိုင်းသုံးပြီး တိုက်ခိုက်ခဲ့တာ။”

အဲဒီတိုက်ခိုက်မှုမှာ ရဲနဲ့ ပျူစောထီးတွေဘက်က ထိခိုက်မှုရှိပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ PHOENIX DF အဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဆက်လက်ပြီး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်ကတော့ ထိခိုက်မှုစာရင်းကို သတင်းဖျောက်ထားပေမဲ့ ပြည်သူတွေကတော့ ၂ ယောက်သေတယ်၊ ၅ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ရဲစခန်းအနားက ကွင်းကျယ်ဆေးရုံမှာလို့ သိရတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ ဆင်သေရွာက အမျိုးသမီးတဦးကို ဖမ်းခေါ်သွားတဲ့အပြင် ဇူလိုင် ၁၁ ရက်ကလည်း အောင်သာယာကျေးရွာအုပ်စု၊ ကျောက်ဆောင်းရွာက အမျိုးသမီးတဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပြီး အခုလက်ရှိအချိန်ထိလည်း စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013