ဘုရားကြီး - လှိုင်သာယာ ၅၀၀ ကေဗွီဓာတ်အားလိုင်းတည်ဆောက်မှာဖြစ်လို့ ဒီကနေ့ ဇူလိုင် ၁၂ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်တိုင်းရှိ မြို့နယ် ၁၅ မြို့နယ်မှာ ၁၁ နာရီကြာ မီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်အားလိုင်းတည်ဆောက်ချိန် ၂၃၀ ကေဗွီ မြောင်းတကာ-လှော်ကား၊ မြောင်းတကာ-ဝါးတရာနှင့် မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းတို့ကို မနက် ၆ နာရီကနေ ၅ နာရီအထိ ဓာတ်အားပိတ်ပြီး လုပ်ဆောင်ရမှာကြောင့် ယာယီမီးပြတ်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါကြောင့် ၁၁ နာရီကြာ မီးပြတ်မယ့်မြို့နယ်တွေထဲမှာ ရွှေပြည်သာ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ကျိုက်ထော်၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း မြို့နယ်တွေက နေရာတချို့ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့မှာ တရက်ကို ၄ နာရီတကြိမ်အလှည့်ကျ မီးပေးစနစ်နဲ့ ပေးနေတယ် ဆိုပေမဲ့ အခါအားလျှော်စွာ ပြတ်တာတွေလည်း ရှိပြီး တခါတရံ တကြိမ်ပြတ်ပါက မီးလာမယ့် အချိန် ကျော်ကာ မီးပျက်မယ့်အချိန်ပါ တဆက်တည်း ပြတ်သွားတတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။