ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ UTF ရဲ့ တပ်ခွဲ ၁ က ဒုခွဲမှူး ဇော်လင်းဌေး (ခ) ဌေးကြီးဟာ စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးခဲ့ရပြီး စျာပနအခမ်းအနားကို ဇူလိုင် ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ တပ်ခွဲ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား လွိုင်ကော်မြို့ရဲ့ နေရာတချို့မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေခဲ့ပြီး ဇော်လင်းဌေး (ခ) ဌေးကြီးက ဇူလိုင် ၉ ရက်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“အမတို့တပ်ဖွဲ့က အခု တပ်ခွဲ ၂ ခုရှိပြီး တပ်ခွဲ ၃ ထပ်ထုတ်တဲ့အချိန်ကြရင် ခွဲမှူးအဖြစ် ဦးဆောင်ဖို့ ရွေးထားတဲ့သူပါ။ သူက အလုပ်လည်း တအားလုပ်တယ်။ စကားလည်း နားထောင်တယ်။ နှမြောတာထက်ကို ပိုပါတယ်။”
စစ်အာဏာရှင်ပြုတ်ကျရေး၊ တန်းတူအခွင့်အရေးရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးသွားတဲ့ ဒုခွဲမှူး ဌေးကြီးကို အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုတယ်လို့ ဆိုပါတယ်။
မပြီးပြတ်သေးတဲ့ တာဝန်ဝတ္တရားတွေကို ကျန်ရှိနေတဲ့ ရဲဘော်တွေက ဆက်လက် တာဝန်ထမ်းဆောင်ရင်း အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ပြောပါတယ်။
လွိုင်ကော်မြို့ရဲ့ နေရာတချို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ဇူလိုင် ၄ ရက်ကစပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကာ ထိခိုက်သေဆုံးမှုတွေ ရှိနေပေမဲ့ အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။