မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
မန္တလေးတိုင်းနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA နဲ့ PDF တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ အပြီးသတ်သိမ်းယူခဲ့သလို စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက် ပြီးနောက် အခုလို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေတာပါ။
မတ္တရာPDF ဦးတိုးက “မတ္တရာဘောလုံးကွင်းမှာရှိတဲ့ စကစအထိုင်ကနေပြီးတော့ မတ္တရာမြို့မြောက်ဘက်ခြမ်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်ကိုလှည့်ပြီးတော့ ဟောင်ဝစ်ဇာ နောက်တခါ 120 အဲ့လိုလက်နက်ကြီးတွေနဲ့ပစ်တာ အကြိမ်ရေပေါင်း ၅၀ ကျော်ရှိတယ်။ မနက် ၉ နာရီကနေ စပစ်တာ။ မတ္တရာမြို့မြောက်ဘက် ၃ မိုင်နီးပါးအကွာအဝေးရှိတဲ့ တောင်တံငါကျေးရွာရဲ့ အရှေ့ဘက်ခြမ်း ဒါတော့ခန့်မှန်းခြေပေါ့။ ညနေ ၅ နာရီနဲ့ ၃၂ မိနစ်မှာ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်သွားတယ်။ ဒီကြားထဲမှာပဲ ပြင်ဦးလွင် အနီးစခန်းက တက်လာတဲ့ MI 35 ၂စီးနဲ့ တိုက်ခိုက်မှု ၄ ကြိမ်လုပ်သွားတယ်။ ညနေ ၅ နာရီ ၃၂ မိနစ်ကနေ ၆ နာရီအထိအောင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်လုပ်သွားတယ်”လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်း၊ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေမှာ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီရှိပြီး စစ်ကိုင်းတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း အကူအညီပေးတဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။
မတ္တရာမြို့နယ်အတွင်း ၅လုံးမျှော်၊ ရေသောက်တံတား၊ ရွာသာယာ၊ တောင်ကန်၊ စာတိုက်တကာ၊ ပုသိမ်ကြီးမြို့နယ်အစပ် သရက်ကိုင်း၊ မြကန်သာအရပ်တွေမှာ စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေပြီး မတ္တရာမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀၀ ဝန်းကျင်ကျန်ရှိနေတယ်လို့ PDF တွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်မှာတော့ ပျူးစောထီးရွာတွေဖြစ်တဲ့ ထုံးကြီး၊ တောင်အင်း၊ ရွာသာယာနဲ့ မြို့ပေါ်မှာပဲ စစ်ကောင်စီတပ်တွေ ကျန်ရှိတော့တာဖြစ်ပါတယ်။
စဉ့်ကူးမြို့ပေါ်ကလွဲပြီး ကျန်နေရာတွေက လက်ကျန်စစ်ကောင်စီတပ်သားတွေကို ကုန်းလမ်း၊ ရေလမ်း ရိက္ခာထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။
စဉ့်ကူး PDF တာဝန်ရှိသူတဦးက “အဓိက စခန်းကတော့ ချောင်းကြီး၊ နွယ်ရုံ၊ ပင်လယ်ကြီး၊ လက်ပံလှ၊ ရွှေပြည် ၅ ခုကတော့ အကြီးဆုံးပဲ။ သူတို့စစ်ကောင်စီထိုင်တဲ့အထဲမှာ ကျနော်တို့ သိမ်းတဲ့ အထဲမှာတော့။ ကာကင်းအရှေ့ထုတ်ထားတဲ့ဟာတွေကတော့ တော်တော်များများ ကတော့ ကျနော်တို့သိမ်းထားနိုင်တယ်။ ဒီလပိုင်းဆိုရင် နောက်ကထောက်ပို့တို့ တပ်ကူတို့ဆိုရင် ကုန်းကြောင်း ရေကြောင်း သုံးကိုသုံးမရတော့ဘူး။ ကျနော်တို့ အများစု ဖြတ်တောက်ထား နိုင်တယ်။ စခန်းတခုဝင်သိမ်းမယ်ဆိုရင် များသောအားဖြင့် ဖြတ်တောက်ရေးကို ဦးစားပေးတယ်။ ဟောင်ဝစ်ဇာတွေဆိုလို့ရှိရင် ဝက်လက်နယ်ဘက်ခြမ်းကို သူတို့ရွှေ့သွားတယ်။ ကျောက်မြောင်းနားက မခေါက်တို့ ဘာတို့ အဲ့ဘက်နားကို သူတို့ရွှေ့ပစ်လိုက်တယ်။ ကျနော်တို့ စဉ့်ကူးဘက်ကဟာတွေကို။ ဒီဘက်ကို အဲ့ဒီကနေပဲ 120 တို့ ဟောင်ဝစ်ဇာတို့နဲ့ လှမ်းပစ်ကြတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာနယ်၊ စဉ်ကူးနဲ့ မိုးကုတ်နယ်တွေမှာ စစ်ရေးဆက်လက်တင်းမာနေပြီး အခြေအနေ ရှုပ်ထွေးနေတာကြောင့် ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုစာရင်းကိုတော့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေးတို့နဲ့အတူ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှာနောက်ဆုံးကျန်ရှိနေတဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို သိမ်းယူပြီး မြို့ကိုထိန်းချုပ်ထားတာပါ။
နောင်ချိုမြို့ဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ ၃၅ မိုင်ဝန်းကျင်အကွာ၊ မန္တလေးမြို့နဲ့ ၇၆ မိုင်ဝန်းကျင်အကွာအဝေးမှာတည်ရှိပြီး ပထဝီစစ်ရေးဗျူဟာအရအရေးပါတဲ့မြို့ဖြစ်ပါတယ်။
သုတချမ်းသာ