Home
မြန်မာသတင်း
ဘဏ်များတွင် ငွေထုတ်ရခက်ခဲပြီး ၃ ရာခိုင်နှုန်းအထိ ပေးကာ ငွေထုတ်နေရ
DVB
·
July 12, 2024

မြန်မာပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ်ငွေထုတ်ယူရ ခက်ခဲနေတဲ့ ပြဿနာကြောင့် ငွေသားအသုံးပြုလိုသူတွေအနေနဲ့ ပြင်ပမှာ ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ အမြတ်ပေးပြီး ငွေသားထုတ်ယူနေရတယ်လို့ ဘဏ်ဝန်ဆောင်မှု အသုံးပြုတွေထံက သိရပါတယ်။

ဇူလိုင် ၁ ရက်မှာ စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ ထုတ်ချေးတဲ့ ပြည်တွင်းဘဏ် ၇ ဘဏ်ကို အရေးယူမယ်လို့ ကြေညာချက် ထုတ်ပြန်အပြီး ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍအပေါ် စိုးရိမ်ပူပန်နေတဲ့ လူထုက ဘဏ်တွေကနေ အပ်ငွေတွေ ပြန်လည်ထုတ်ယူလာကြတာပါ။

အပ်ငွေထုတ်ပေးယူမှုတွေ များလာတာကြောင့် ဘဏ်တွေကလည်း ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်ခဲ့ကြပါတယ်။ အဲဒီနောက် အရေးတကြီး ငွေသားလိုအပ်ချက်ရှိနေသူတွေနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် စိုးရိမ်မှုရှိနေသူတွေက ပြင်ပမှာ ရာခိုင်နှုန်းအမြတ်ပေးပြီး ငွေသားထုတ်ယူလာကြတာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတဦးက “မနေ့ကဆို ငွေသားလာထုတ်တဲ့သူတွေ များတယ်။ သွင်းတဲ့သူတွေလည်း တချို့ရှိပါတယ်။ ကျနော်တို့ကတော့ ငွေသားလာသွင်းတဲ့သူ ရှိတဲ့အတွက် ဝန်ဆောင်ခ အများကြီး မယူထားဘူး။ ငွေပမာဏ အများကြီးလည်း လဲမပေးဘူး။ ထုတ်ချင်တဲ့သူများနေတော့ မျှပြီးတော့ပဲ လဲပေးတယ်။ တချို့နေရာတွေတော့ ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ယူပြီး လဲပေးနေကြတယ် ကြားတယ်” လို့ ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေမှာ အရင်က special Bank အကောင့်ဆိုရင် မိမိထည့်သွင်းထားတဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပေမဲ့ လက်ရှိမှာတော့ special Bank အကောင့်မှာကို တနေ့ကို ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိသာ အများဆုံး ထုတ်ပေးနေတဲ့အပြင် ငွေထုတ်ယူလိုသူများတဲ့အတွက် တရက်ကို ငွေ ၅ သိန်းရဖို့တောင် ခက်ခဲနေတယ်လို့ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေက ဆိုပါတယ်။

အသေးစားလုပ်ငန်း လုပ်ကိုင်နေသူတဦးက “အရေးတကြီး ငွေချေစရာရှိလို့ ဘဏ်မှာ ငွေသွားထုတ်တာ လင်မယားနှစ်ယောက် တယောက်ကို ၁၀ သိန်းဆီပဲ ရခဲ့တယ်။ နောက်တဘဏ်က ၅ သိန်းပဲရတယ်။ အဲလိုဆိုတော့ အမတို့လည်း အလုပ်လုပ်ရတာ အခက်အခဲတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တခုရဲ့ တာဝန်ရှိသူတဦးက ဘဏ်တွေမှာ ငွေသားထုတ်ယူမှု ကန့်သတ်လိုက်ခြင်းက စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ မဟုတ်ဘဲ ငွေထုတ်ယူသူတွေ များလွန်းတဲ့အတွက် ဘဏ်တွေက ကိုယ်ပိုင်မူနဲ့ ကန့်သတ်လိုက်ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကတော့ ဗဟိုဘဏ်က ဘဏ်တွေရဲ့ ငွေသားလိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းထုတ်ပေးနေတယ်လို့ ဆိုထားပြီး ကောလာဟလတွေကြောင့် ပြည်သူတွေက ဘဏ်တွေကနေ ငွေတွေ စုပုံ ထုတ်ယူနေတာကို ဗဟိုဘဏ်က ကောင်းကောင်း စီမံထိန်းကျောင်းနိုင်တယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ပြောကြားထားပါတယ်။

တဖက်မှာလည်း Kpay လို ဒီဂျစ်တယ် ငွေပေးချေမှုနဲ့ လက်ခံတဲ့ ဆိုင်တွေမှာပဲ ဈေးဝယ်ကြဖို့ လူမှုကွန်ရက်တွေမှာ ဆော်သြမှုလုပ်နေကြတာလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013