စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း လက်ပံချောင်းရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ခရစ်ယာန်ဘုရားကျောင်း ခြံဝန်းနဲ့ နေအိမ်ပျက်စီးပြီး ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ပံချောင်းရွာခံတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီက ကလေးမြို့တွင်း တိုင်းဗဟို ၁၀ လေ့ကျင့်ရေးတပ်ကနေ လက်ပံချောင်းရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးဟာ လက်ပံချောင်းရွာ C group မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်ပံချောင်းရွာသားတဦးက “လက်ပံချောင်းကျေးရွာရဲ့ C group မှာ ၂ လုံး ကျကွဲပါတယ်။ ပထမတလုံးကတော့ အိမ်ပေါ်တည့်တည့် ကျကွဲပါတယ်။ အိမ်အပေါ်ထပ်ကတော့ ဖွာလန်ကျဲသွားပါတယ်။ မိသားစုဝင် ၃ ယောက်ကတော့ ထမင်းစားပြီးလို့ လက်နက်ကြီး ထုသံကြားလို့ မျက်စောင်းထိုးအိမ်ကို ရှောင်နေကြတယ်။ အဲဒါကြောင့်လည်း သေမယ့်ဘေးကနေ လွတ်သွားရတာပါ။ မျက်နှာချင်းဆိုင်အိမ်ရှေ့ မတ်တတ်ရပ်နေတဲ့ ၂၁ နှစ်အရွယ် ကောင်လေးရဲ့ ညာဘက်လက်မှာ ဒဏ်ရာအနည်းငယ် ရသွားတယ်။ နောက်တလုံးကတော့ ည ၈ နာရီလောက်မှာ ဝီစလီ ဘုရားရှိခိုးကျောင်းရဲ့ အုတ်တံတိုင်း အတွင်းဘက်ကို ကျကွဲပြီး အုတ်တံတိုင်းပြို၊ မှန်ကွဲ၊ မီးကြိုးပြတ်ပြီး လမ်းတဖက်မှာ ရပ်ထားတဲ့ စကတ်ကားရဲ့ နောက်ဘီး ၄ လုံး၊ နောက်ကရောင်းကို အစမှန်တဲ့အပြင် အဲ့အိမ်မှာနေတဲ့ အသက် ၁၉ နှစ်အရွယ် ကောင်လေးရဲ့ ဘယ်ဘက်လက်မောင်းကို လက်နက်ကြီးအစမှန်တယ်၊ အရိုးတော့ မထိခိုက်မိဘူး” လို့ ပြောပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က အထိုင်ချထားတဲ့ တပ်စခန်းတွေကနေ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၉ ရက်ကလည်း လက်ပံချောင်းရွာမှာ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် NUG ကြားကာလကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၅,၃၈၂ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။