Home
မြန်မာသတင်း
ရန်ကုန်က မြို့နယ်အချို့တွင် KBZ Pay နှင့် Wave Pay ငွေထုတ်မရ
DVB
·
July 14, 2024

ရန်ကုန်မြို့က ငွေလွှဲ၊ ငွေထုတ် အေးဂျင့်ဆိုင်တွေမှာ KBZ Pay နဲ့ Wave Pay က ငွေသားထုတ်မပေးတော့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညပိုင်းကစပြီး ရန်ကုန်မြို့နယ်တချို့က KBZ Pay နဲ့ Wave Pay အေးဂျင့်တွေမှာ ငွေသားထုတ်ယူလို့မရတော့တာလို့ KBZ pay သုံးစွဲသူတယောက်က ပြောပါတယ်။

“ဒီမနက် အိမ်ကပိုက်ဆံလွှဲလာလို့ သွားထုတ်တာ အေးဂျင့်ဆိုင်တွေ ပိတ်ထားတယ်။ တချို့ဆိုင်တွေကလည်း ထုတ်လို့မရဘူးလို့ ပြောတယ်။ မနက်ဖြန် ဇူလိုင်လ ၁၅ ရက်နေ့ဆိုရင် အဆောင်ငှားခ ပေးရတော့မှာ။ ရွာကနေ Password နဲ့လွှဲလာတာ ရန်ကုန်မှာ ထုတ်မရလို့ ရွာကဆိုင်မှာ ပြန်ထုတ်တော့လည်း မရတော့ဘူးလို့​ ကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ဧရာဝတီဘဏ်အပါအဝင် ပြည်တွင်းဘဏ် ၇ ခုကို ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ (Home Loan) ထုတ်ချေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဘဏ်တွေမှာ ငွေတွေကို အကန့်အသတ်နဲ့ပဲထုတ်ပေးတော့တာကြောင့် ငွေထုတ်ယူသူများလာခဲ့တာပါ။

လက်ရှိမှာ ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူဖို့ အခက်အခဲဖြစ်နေသလို ကိုယ်စားလှယ်ဆိုင်တွေအနေနဲ့လည်း ဘဏ်ကငွေ ပြန်ထုတ်လို့မရတဲ့ အခြေအနေတွေကြောင့် အခုလို ရပ်နားထားရကြောင်း ရွှေပေါက်ကံမြို့သစ်က ငွေလွှဲ/ငွေထုတ် အေးဂျင့်ဆိုင်ရှင်တယောက်က DVB ကို ပြောပါတယ်။

“ကျမတို့လည်း အကောင့်ထဲ ငွေကပြည့်နေတာ။ အပြင်မှာလည်း လှည့်စရာငွေမရှိတော့လို့ မထုတ်ပေးတာပါ။ လက်ရှိ ငွေထုတ်ပေးဖို့ ငွေသားမရှိတာ။ အကောင့်ထဲထည့်တာတို့ လွှဲတာတို့ကိုတော့ ဝန်ဆောင်ခမယူဘဲ လုပ်ဆောင်ပေးနေပါတယ်” လို့ ပြောပါတယ်။

KBZ pay call center ကတော့ KBZ pay အနေနဲ့ ကန့်သတ်ထားတာမရှိသလို၊ မထုတ်ပေးတာလည်း မရှိကြောင်းနဲ့ အေးဂျင့်တွေက မထုတ်ပေးရင် လှမ်းအကြောင်းကြားပေးနိုင်ကြောင်း ပြောဆိုထားပါတယ်။

လက်ရှိ ဘဏ်တွေမှာ ငွေထုတ်ဖို့အတွက် ရိုးရိုးဘဏ်အကောင့်ကနေ Special  Account ထဲကိုလည်း ငွေလွှဲမရဘဲ၊ Special Account ကလည်း လိုသလောက်ထုတ်မရသလို Kpay ကနေလည်း Special Account ထဲကို ​ငွေရွှေ့မရပါဘူး။

​Kpay နဲ့ ချိတ်ထားတဲ့အကောင့်ထဲ လွှဲရင်လည်း အရင်က ၁၀ သိန်းထိလွှဲမယ်ဆိုရင်တောင် အခမဲ့ဆိုပေမဲ့ အခုအခါ ၁ သိန်းလွှဲရင် ကျပ် ၁,၀၀၀ ဖြတ်တောက်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013