ရန်ကုန်မြို့ကို ဒီရက်ပိုင်းအတွင်း စစ်ဘေးရှောင်သူ အများအပြား ဆက်တိုက်ရောက်ရှိနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်မှာနေထိုင်သူတဦးက “စစ်ဘေးရှောင်ပြီး ဆွေမျိုး၊ အသိမိတ်ဆွေတွေရဲ့ တိုက်ခန်းတွေမှာ စုနေကြရသူတွေ တော်တော်များများတွေ့ရတယ်။ ဒီရက်ပိုင်းထဲကိုများတာ၊ တိုက်ခန်းအငှားလိုက်စုံစမ်းသူတွေလည်း မနည်းဘူး” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ပြန်လာသူတဦးကလည်း ကားပေါ်မှာ စစ်ဘေးရှောင်ဖို့ ပါလာသူ အများအပြား တွေ့ရတယ်လို့ ပြောပါတယ်။
"ရန်ကုန်အထိလိုက်လာတာ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ကားတစီးအပြည့်ပဲ။ မေးကြည့်တော့ မြောက်ပိုင်းကနေ စစ်ဘေးရှောင်လာတာတဲ့။ ကြည့်ရတာလည်း စိတ်မချမ်းသာဘူး။ မန္တလေးဆင်းသူတွေလည်းရှိတယ်၊ မန္တလေးကလည်း စိတ်ချရတဲ့ အခြေအနေမဟုတ်တော့ ရန်ကုန်ဆင်းတဲ့သူ ပိုများတာတွေ့ရတယ်။”
လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ ထွက်ခွာသွားလာခွင့် ပိတ်ခံထားရပြီး ကျန်းမာရေးထောက်ခံစာရှိမှပဲ ထွက်ခွင့်ရတဲ့ အခြေအနေမျိုးကြုံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ ဒေသကနေ စွန့်ခွာသူများစွာရှိနေသလို ကားခတွေမှာလည်း စျေးနှုန်း အဆမတန်ကြီးမြင့်နေတယ်လို့ လာရှိုးမြို့ကနေ ပြောင်းရွှေ့လာသူတဦးက ပြောပါတယ်။
“လားရှိုးကနေ တောင်ကြီးအထိကို ကားခ သိန်း ၆၀ ပေါက်နေတယ်။ စစ်ဘေးရှောင်မယ့်သူတွေကို အလှူရှင်တချို့က အခမဲ့ကူပေးနေတာလည်းရှိတယ်။”
လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မန္တလေးတိုင်းအထိ ကူးစက်နေပြီး စစ်ဘေးရှောင်သူတွေအနေနဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာကြတာပါ။
အဲဒီလို စစ်ဘေးရှောင်သူတွေများလာတာနဲ့အမျှ ရန်ကုန်မြို့က အိမ်နဲ့တိုက်ခန်းအငှားစျေးကွက် အပေါ်ရိုက်ခတ်မှုရှိလာနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။