မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေဟာ ဇူလိုင်ဆန်းပိုင်းကစတင်ပြီး မြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ စဉ့်ကူးမြို့ခံတယောက်က “ကျနော်တို့မြို့က မြို့ခံတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေက အခုလဆန်းပိုင်းကနေ တဖြည်းဖြည်းနဲ့ မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြတာ အခုထိပဲ။ မြို့ပေါ်မှာက လူမရှိသလောက်နည်းသွားပြီ” လို့ DVB ကို ပြောပါတယ်။
စဉ့်ကူးမြို့ပေါ်မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ညပိုင်းတွေမှာ မူးယစ်ရမ်းကားပြီး စစ်ဘေးရှောင်သွားကြတဲ့ လူနေအိမ်တွေ၊ ဈေးဆိုင်တွေကို ဖောက်ထွင်းခိုးယူကြသလို ဘဏ်တွေကိုလည်း ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့လည်း သိရပါတယ်။
စဉ့်ကူးကနေ တခြားမြို့ကို စစ်ရှောင်လာသူတယောက်က “ကျနော်တို့လည်း မြို့ကနေ ရှောင်လာတာ ၁၀ ရက်လောက်ရှိပြီ။ ကိုယ်နိုင်သလောက် မိသားစုအသုံးအဆောင်လေးတွေ သယ်ဖို့ ကားငှားရတာကို ၂ သိန်းခွဲလောက်ကုန်တယ်။ အိမ်ကျတော့ ပိတ်ခဲ့ရတာပေါ့။ တချို့အိမ်တွေကို စစ်သားတွေ ဝင်ဖောက်တယ်လို့ ကြားနေတယ်။ ဒါပေမဲ့လည်း ဖြစ်သမျှအကြောင်း အကောင်းပဲလို့ သဘောထားပြီး ထားလိုက်တော့တယ်။ အခုတော့ တခြားမြို့ တမြို့က အမျိုးတွေအိမ်မှာ စုနေကြတယ်။ တချို့လည်း စစ်ဘေးရှောင်စခန်းတွေမှာ ဝင်နေကြရတယ်။ သိပ်အဆင်မပြေကြဘူးတဲ့။ အများနဲ့နေရတာဆိုတော့ နေရာအခက်အခဲ၊ အစားအစာအခက်အခဲတွေ အများကြီး ရှိနေတယ်လို့ သိရတယ်။ တချို့ကျတော့လည်း တခြားမြို့တွေ ရွာတွေက ဆွေနီးမျိုးစပ်တဲ့အိမ်တွေမှာ သွားနေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းမှာ စဉ့်ကူးမြို့ပေါ်က CB ဘဏ်ကို ဖောက်ထွင်းနေတာကို မြို့ခံတယောက်က တွေ့မြင်သွားခဲ့တာကြောင့် ပစ်ခတ်ခဲ့လို့ ကျည်ဆန် ထိမှန်ပြီး ဆေးရုံတက် ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့ခံ ပရဟိတအဖွဲ့ဝင်တယောက်က “မြို့ပေါ်မှာက မြို့ခံတွေ တော်တော်လေး နည်းသွားကြတော့ စစ်သားတွေက ထင်တိုင်းကြဲနေကြတာပေါ့။ အိမ်တွေ၊ ဆိုင်တွေ မကြာခဏ အဖောက်ခံရတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ခိုးပြီးသယ်တယ်။ ကျန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း စစ်သားတွေ CB ဘဏ်ကို ဖောက်နေတာကို ဒီဘက်မလှမ်းမကမ်းမှာရှိတဲ့ ဈေးဆိုင်အစောင့်က လှမ်းကြည့်မိလို့ အပစ်ခံရတယ်။ အသက်တော့ မသေဘူး။ ဒဏ်ရာကတော့ ပြင်းတယ်တဲ့။ အခုတော့ ဆေးရုံတက်ပြီး ဆေးကုနေရတယ်” လို့ ပြောပါတယ်။
CB ဘဏ်ကိုဖောက်ထွင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်လို့ ကျည်ဆန်ထိမှန်သူဟာ အသက် ၆၀ အရွယ် ဦးမင်းထွန်း ဆိုသူဖြစ်ပြီး ၀မ်းဗိုက်ကို ကျည်ဆန်ထိမှန်ခဲ့တဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်း စစ်ဆင်ရေးဆောင်ရွက်နေပြီး ဇူလိုင် ၃ ရက်နေ့အထိ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၂၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ ခုတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ပေါ်တွေအပါအ၀င် မြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတာတွေကို ဆက်တိုက်ပြုလုပ်လာနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။