Home
ရုပ်သံ
ရန်ကုန်တွင် စစ်ဘေးရှောင်သူများတိုးလာပြီး တိုက်ခန်းခများ ဈေးမြင့်တက်
DVB
·
July 15, 2024

မြန်မာနိုင်ငံ နေရာအနှံ့က တိုက်ပွဲတွေကြောင့် ရန်ကုန်မှာ စစ်ဘေးတိမ်းရှောင်လာသူ ပိုများလာပြီး တိုက်ခန်းငှားခရော အရောင်းပါ ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်နေပါတယ်။

ဇူလိုင်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ စစ်ဖြစ်ပွားရာ ဒေသတွေကနေ ရန်ကုန်မြို့ကို တိမ်းရှောင်လာကြသူတွေ များလာပြီး ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှားဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ အငှားဈေးကွက်ကနေ စုံစမ်းသိရပါတယ်။

ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ဒေသခံတွေ ရွှေ့ပြောင်းလာတာရှိသလို ရှမ်းပြည် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကြောင့် ရန်ကုန်ကို ရွှေ့ပြောင်းလာသူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးက “ရန်ကုန်မှာက ပြီးခဲ့တဲ့လတွေကနေ စစ်ရှောင်တွေက ပိုတိုးလာတယ်။ အဲဒါဆိုတော့ ဒီရပ်ကွက်ထဲမှာရှိတဲ့ တိုက်ခန်းတွေဆိုရင် လူတွေအပြည့်ပဲ။ ငှားတဲ့လူတွေလည်း အပြည့်၊ ဝယ်တဲ့သူတွေလည်း အပြည့်ပဲ။ ငွေဈေးကြောင့်ပဲလား၊ ဝယ်တဲ့ငှားတဲ့သူတွေ များလို့ပဲလား မသိဘူး၊ ဈေးတွေက တော်တော်ကိုကြီးတာ။ အရင်တုန်းက တိုက်ခန်းတွေက ၄၀၀ လောက်ပေါက်တဲ့ တိုက်ခန်းတွေဆို သိန်း ၇၀၀၊ ၈၀၀ ဖြစ်သွားတယ်။ ဒါတောင် အထပ်မြင့်နော်။ အောက်ပိုင်းတွေဆိုရင် ထောင်ချီနေပြီ။ မြေညီထပ်တို့ ပထမထပ်တို့ဆို ထောင်ကျော်နေပြီ။ တိုက်ခန်းဈေးနှုန်းက အငှားဈေးနှုန်းဆို အထပ်မြင့်တွေက ၃ သိန်းလောက် ဖြစ်သွားတယ်။ အောက်ပိုင်းတွေဆို ၄ သိန်းကျော်၊ ၅ သိန်းဝန်းကျင်ပဲ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်အတွင်း ရန်ကုန်မြို့မှာ တိုက်ခန်းငှားခဈေးနှုန်းတွေ ၂ ဆနီးပါး မြင့်တက်လာပြီး အရောင်းဈေးကွက်လည်း မြင့်တက်လာတယ်လို့ တိုက်ခန်း အရောင်း/အငှား အေးဂျင့်တွေဆီက သိရပါတယ်။

နိုင်ငံရေးမတည်ငြိမ်တာ၊ စီးပွားရေး ကျဆင်းလာတာနဲ့အမျှ ကုန်ဈေးနှုန်းတက်လာသလို တိုက်ခန်းငှားခဈေးနှုန်းတွေလည်း ပုံမှန် တလ ကျပ် ၁ သိန်းခွဲ၊ ၂ သိန်းဝန်းကျင်ကနေ ၃ သိန်းခွဲ၊ ၄ သိန်းလောက်အထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။

တိုက်ခန်းပိုင်ရှင်တဦးက “အခု အိမ်ငှားခက တလကျပ် ၄ သိန်း ဖြစ်ကုန်ပြီ။ ပုံမှန် ၁၈ ပေ၊ ၅၄ ပေက ဘယ်နေရာဖြစ်ဖြစ် ၄ သိန်းလောက် အောက်ထစ်ဖြစ်သွားပြီ။ အဲဒါက ဒီပွဲစားတွေပဲ ကစားနေတာ။ အိမ်ရှာရခက်လားဆိုရင် အိမ်ရှာရ မခက်ဘူး။ အိမ်တွေက အမြဲတမ်းရှိတယ်။ ဒါပေမဲ့ ဈေးတွေက မတန်တဆ ဖြစ်နေတာ။ ဒါတွေကလည်း ကုန်ဈေးနှုန်းတွေကြောင့်ပေါ့။ ကုန်ဈေးနှုန်းတက်တော့ အိမ်ပိုင်ရှင်တွေကလည်း ဈေးတိုးတက်တယ်။ ပွဲစားတွေက ကစားတယ်။ နောက်တချက်ကကျတော့ ကျနော်တို့ တိုက်တွေဘာတွေ ဆောက်ရင် BCC တွေ ဘာတွေတင်ရတာပေါ့။ အဲဒီမှာလည်း စည်ပင်က ဈေးတိုးတောင်းကြတယ်။ အဲဒီမှာ မြေရှင်တွေက အခန်းခကိုရောင်းပြီ၊ ငှားပြီဆိုရင် အခု ကျနော်သိရသလောက် ၃ သိန်း၊ ၃ သိန်းခွဲလောက်က အနည်းဆုံး ဖြစ်နေပြီ။”

လက်ရှိ ရန်ကုန်မြို့က တိုက်ခန်းအငှားဈေးကွက်မှာ လူစည်ကားရာနေရာနဲ့ ရပ်ကွက်၊ လမ်းအပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်းလောက်ကနေ အများဆုံး ကျပ် ၅ သိန်းလောက်အထိ ရှိတယ်လို့ အိမ်ငှားဈေးကွက်ကနေ စုံစမ်းသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဖြစ်မနေ ဧည့်စာရင်းတိုင်ရတဲ့ အခြေအနေတွေကြောင့် နယ်ကနေ ပြောင်းရွှေ့လာသူတွေ ငှားရမ်းရ ခက်ခဲတာတွေလည်း ကြုံနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာတော့ နေရပ်စွန့်ခွာသူ များစွာရှိနေသလို ကားခတွေလည်း ဈေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းက မန္တလေးတိုင်းအထိ ကူးစက်နေပြီး စစ်ဘေးရှောင်သူတွေအနေနဲ့ ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာကြတာပါ။

စစ်ဘေးရှောင်သူတွေ များလာတာနဲ့အတူ ရန်ကုန်မြို့က အိမ်နဲ့တိုက်ခန်း အငှားဈေးကွက်အပေါ် ရိုက်ခတ်မှုရှိလာတာလို့ တိုက်ခန်းအငှား လုပ်ကိုင်သူတွေက ပြောဆိုနေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013