ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၁ ရက်အထိ တလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ်စုကြောင့် ပြည်သူအယောက် ၈၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၅ ဦး ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာတော့ အမျိုးသမီး ၂၄ ဦးနဲ့ အမျိုးသား ၆၀ ဦး ပါဝင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက ၁၅ ဦးစီနဲ့ သေဆုံးမှု အများဆုံးဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းအနေနဲ့ အဲဒီထဲက အယောက် ၄၀ ဟာ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ၁၆ ဦးကတော့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာတော့ အာဏာသိမ်း ၃ နှစ်ခွဲအတွင်း စစ်တပ်အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၄၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။