ရှမ်းမြောက် နဲ့ မိုးကုတ်တိုက်ပွဲတွေကြောင့် နေပြည်တော်ကို စစ်ဘေးရှောင်လာကြသူတွေထဲမှ စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ခံသူတွေကို ရွေးပြီးဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဖုန်းယူစစ်ပြီး ကားပေါ်က အတင်းဆင်းခိုင်းပြီး သေနတ်တွေနဲ့ချိန်ထားတယ်၊ မိသားစုကိုထားခဲ့ပြီး သူ့ကို ရဲစခန်းခေါ်သွားတယ် စစ်သားတွေက။”
ဒက္ခီဏသီရိမြို့နယ်၊ ထန်းတပင်ကွက်သစ်မှာလည်း ဇူလိုင် ၂၅ ရက်က လားရှိုးမှ စစ်ရှောင်လာတဲ့အမျိုးသမီးတဦးရဲ့ ဖုန်းကို စစ်တပ်နဲ့ရဲတွေ ယူစစ်ကာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိုးကုတ်က စစ်ရှောင်လာတဲ့ ကောင်မလေးကို ဖုန်းယူစစ်ပြီး ဖုန်းထဲမှာ PDF တွေ ထောက်ခံလို့ဆိုပြီး လက်ထိတ်ခတ်ခေါ်သွားတယ်။”
စစ်ဘေးရှောင်လာသူတွေရဲ့ ဖုန်းတွေကို ယူစစ်ကာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အားပေးထောက်ခံတဲ့ ပို့တွေ၊ ကွန့်မန့်တွေ တွေ့ရှိပါက ချက်ချင်းဖမ်းဆီးကာ အမှုဖွင့်ဖို့ တိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆိုဖမ်းထားတာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၂ ယောက်ရှိတယ်။ ပုဒ်မတွေက မတူဘူး။ အချို့က ပုဒ်မ ၅၀၅ နဲ့ အချို့က အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်တာ။”
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မိုးကုတ်မှ စစ်ဘေးရှောင်လာတဲ့သူတွေကို တပ်ကုန်း၊ လယ်ဝေး၊ ဒက္ခီဏသိရီ၊ ဇမ္မူသီရီမြို့နယ်တွေက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။