ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ရပ်ကွက် ၄ ကွန်လုံလမ်းခွဲ ရွှေသိန္နီကားဂိတ်နားမှာ ဇူလိုင် ၂၈ ရက် မနက်စောစောက ဗုံးကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၇ ဦး ဗုံးဆန်ထိမှန်ကာ မြေးအဘွား ၂ ဦး သေဆုံးသွားပါတယ်။
မနက် ၂ နာရီခွဲလောက်က ဗုံးကျလာတာကြောင့် နေအိမ်ပျက်စီးပြိုကျပြီး အားလုံး ထိခိုက်ဒဏ်ရာရတာကြောင့် တယောက်ကိုတယောက် မကူညီနိုင်တော့ဘဲ အဘွားနဲ့ ၄ နှစ် သားလေး သေဆုံးခဲ့ရတာလို့ သိန္နီဒေသခံတဦးက DVB ကို ပြောပါတယ်။
“ဗုံးထိတဲ့အိမ်က ကျမတို့နဲ့ဆွေမျိုးတော်ပါတယ်ရှင့်။ ကျမတို့က စစ်ဘေးရှောင်နေတုန်း မနေ့က ဖုန်းဆက်လာတယ်။ ယာ့(အဖွား) ဆာဆေးနဲ့ သူ့မြေး ဗုံးဆန်မှန်ပြီး ဆုံသွားပြီတဲ့။ ပြီးတော့ အဖွားရဲ့ သမီးအကြီးရယ်၊ သား ၃ ယောက်၊ ချွေးမ ၁ ယောက်လည်း ဒဏ်ရာရတယ်။ သူတို့ အိမ်ပေါ်ဗုံးကျပြီး ပြိုကျလာတာ၊ အပျက်အစီးတွေကြားထဲက ကုန်းပြီးထွက်လာရတယ်။ အဖွားနဲ့ မြေး အော်သံကြားပေမဲ့ သူတို့လည်း ဒဏ်ရာတွေရထားလို့ သွားမကယ်နိုင်ဘူး။ ကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက်ခေါ်တာ ၄ နာရီမှာရောက်လာတယ်။ အဖွားနဲ့ ၄ နှစ်သားတော့ ဆုံးသွားတယ်။”
မိသားစုဝင်တွေမှာ လက်နဲ့ ခြေထောက်ကျိုးတာ အပါအဝင် တကိုယ်လုံးဒဏ်ရာရတာကြောင့် ကွတ်ခိုင်ပုဂ္ဂလိကဆေးခန်းကို ပို့ထားတာ ဆေးကုသခ ၁ ယောက်ကို ကျပ် သိန်းပေါင်း ၄၀ ကနေ ၅၀ လောက်ကျမယ်ဆိုလို့ ဆေးဖိုးဝါးခလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဗုံးမကွဲခင် လေယာဉ်သံကြားရကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အနီးနားတဝိုက်အိမ်တွေလည်း ပျက်စီးတယ်၊ သိန္နီမှာ ဖုန်းလိုင်းကလည်း ရတချက် မရတချက်မို့ အိမ်ဘယ်နှလုံး ပျက်စီးပြီး တခြားအိမ်က ထိခိုက်ဒဏ်ရာရသူအခြေအနေလည်း မသိရဘူးလို့ ဒေသခံက ပြောပါတယ်။
သိန္နီမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် ညနေကလည်း ရပ်ကွက် ၁ ရှိ မြို့မဈေးကြီး ဗုံးကြဲခံရတာကြောင့် သိန္နီမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး အပါအဝင် ဈေးရောင်းဈေးဝယ် ပြည်သူ ၇ ဦး သေဆုံးခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ကိုးကန့်တပ်ဖွဲ့က သိန္နီရှိ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်ရခဲ့ပြီး သိန္နီမြို့ကို အုပ်ချုပ်နေတာဖြစ် ပါတယ်။