ရခိုင်ပြည်နယ်ဘက် ဧရာဝတီတိုင်းကနေ ရေကြောင်းမှ ကုန်ပစွည်းပို့တာကို စစ်ကောင်စီက ချောင်းသာကမ်းခြေကနေ ဖြတ်တောက်ပြီး နေ့စဥ် ကုန်ပစွည်းတွေ ဖမ်းဆီး သိမ်းဆည်းနေတယ်လို့ ကုန်စည်ပို့ဆောင်သူတွေဆီက သိရပါတယ်။
ချောင်းသာကမ်းခြေမှာ တပ်စွဲထားတဲ့ ဗိုလ်မှူးဇော်နိုင်နဲ့အဖွဲ့ဟာ ဌာနဆိုင်ရာနဲ့ပူးပေါင်းကာ ရခိုင်ပြည်နယ်ပို့မယ့် ကုန်ပစွည်းတွေကို ဖမ်းဆီး သိမ်းဆည်းလေ့ရှိတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။
“မတရားဝင်ကုန်စည်ဆိုပြီး ဖမ်းတာ၊ ရခိုင်ကို ဧရာဝတီတိုင်းကနေ ကုန်ပစွည်းတွေပို့တာ လက်မခံဘူး။ သဘော်ပေါ်မှာ ရခိုင်လူမျိုးပါလာရင် အတော်ရစ်တာ၊ ပစွည်တွေသိမ်းပြီး ရေတပ်စခန်းကိုပို့တာ။”
“မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နဲ့ ဗိုလ်မှူးဇော်နိုင်တို့ အစည်းအဝေးလုပ်ပြီး ဌာနဆိုင်ရာနဲ့ ပေါင်းပြီးဖမ်းတာ။ တရားမဝင်ကုန်ပစွည်းဆိုပြီး ဖမ်းလိုက်ရင် ရခိုင်ကုန်သင်္ဘောတွေချည်းပဲ။”
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ချောင်းသာကမ်းခြေ အမှတ် ၁ ရပ်ကွက်မှာ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းပို့နေတဲ့ သင်္ဘောတစီးကို ဗိုလ်မှူးဇော်နိုင်နဲ့ဌာနဆိုင်ရာက ဖမ်းဆီးပြီး ကုန်ပစွည်းတွေသိမ်းယူခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။