Home
မြန်မာသတင်း
ရန်ကုန်တွင် စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်
DVB
·
August 3, 2024

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး မော်တော်ယာဉ်တွေ တန်းစီဝယ်ယူနေရတဲ့ ပြဿနာ တကျော့ပြန်ဖြစ်ပြီး ၅ ရက်မြောက်နေ့မှာ PPRD ရဲ့ စက်သုံးဆီ လက်လီရည်ညွှန်းဈေး‌တွေလည်း ခုန်တက်လာပါတယ်။

ပြည်တွင်း ဝယ်ယူသုံးစွဲမှု အများဆုံးဖြစ်တဲ့ စက်သုံးဆီ ၉၂ က တလီတာကို ၁၄၀ ကျပ်အထိ ရုတ်တရက် မြင့်တက်ခဲ့ပြီး ၉၅ က တလီတာကို ၁၄၅ ကျပ်ထိ ထိုးတက်လာတာပါ။

အငှားယာဉ်မောင်းတဦးက “၉၂ တလီတာကို ၁၄၅ ကျပ်လောက် ခုန်တက်သွားတာပေါ့။ ကျရင်သာ နည်းနည်းချင်း ပြန်ကျတာ၊ တက်ရင်ကျ ရာဂဏန်းလောက် ထိုးတက်ပစ်တယ်။ ဈေးတက်လာရင် ကားသမားလည်း အဆင်မပြေဘူး။ ခရီးသည်လည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကစပြီး ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်‌တချို့မှာ ဓာတ်ဆီ ၉၂ နဲ့ ၉၅ အမျိုးအစားတွေ ပြတ်လပ်မှု‌ကြောင့် မော်တော်ယာဉ်‌တွေ တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၂ ရက်မှာတော့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ရန်ကုန်တိုင်းအတွင်းက ဆီဆိုင်‌တွေကို ၉၂ တလီတာကို ၂,၇၇၀ ကျပ်၊ ၉၅ တလီတာကို ၂,၈၉၅ ကျပ်နှုန်းနဲ့ ရောင်းချဖို့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားပါတယ်။

ကော်မတီအနေနဲ့  ဩဂုတ် ၁ ရက်မှာ ၉၂ တလီတာကို ၂,၆၃၀ ကျပ်၊ ၉၅ တလီတာကို ၂,၇၅၀ ကျပ်နှုန်းသာ သတ်မှတ်ခဲ့ပြီး ဒီနေ့မှာ တလီတာကို ငွေကျပ် ၁၀၀ ကျော် တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွက် ကော်မတီရဲ့ ဒီဇယ်တလီတာ ရောင်းဈေး သတ်မှတ်နှုန်းထားတွေကလည်း မြင့်တက်ခဲ့ပါတယ်။

ပရီမီယံဒီဇယ် တလီတာကို ၁၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာကို ၈၅ ကျပ် ယမန်နေ့ထက် မြင့်တက်လာတာ တွေ့ရပါတယ်။

စ‌စ်‌ကောင်စီက ဆီတင်သွင်း‌သူ‌တွေ လိုအပ်တဲ့ ဒေါ်လာကို ထုတ်ရောင်းပေးပြီး ဆီဈေးကိုလည်း စင်ကာပူ MOPS ဈေးနှုန်းကို အခြေခံပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးနဲ့ တွက်ချက် သတ်မှတ်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စက်သုံးဆီ တင်သွင်းသူတွေကတော့ စကစက သတ်မှတ်တဲ့ ဆီဈေးနဲ့ ရောင်းချရာမှာ အရှုံးပေါ်နေတာကြောင့် ဆီဈေးပြင်ဆင်သတ်မှတ်ပေးဖို့ လိုလားနေကြတယ်လို့ အဲဒီလုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024