စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာနက ဆီတင်သင်္ဘောတွေ အဆက်မပြတ် ရောက်နေပြီလို့ ပြောဆိုနေပေမဲ့ ရန်ကုန်အပါအဝင် မြို့အသီးသီးမှာ ဆီကို တန်းစီဝယ်ယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီတွေ မပြတ်လတ်အောင် လုပ်ဆောင်နေပြီး ဆီတင်သင်္ဘောတွေ ရောက်ရှိတာကြောင့် စက်သုံးဆီ မပြတ်လတ်ရေးအတွက် ဆီဆိုင်တွေအနေနဲ့ ခွဲတမ်းနဲ့ ထိန်းပြီးရောင်းထားဖို့ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပေမဲ့ ဒီနေ့အထိ ရန်ကုန်အပါအဝင် မြို့အတော်တော်များများမှာ စက်သုံးဆီကို တန်းစီဝယ်ယူနေကြရဆဲ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က အငှားယာဉ်မောင်းတဦးက “တချို့ကားတွေဆိုရင် ညအိပ်ပြီးပါ တန်းစီနေကြတာ။ ရန်ကုန်ဆိုင် တော်တော်များများက နေ့ခင်းဘက်လောက်အထိ ရောင်းပြီးရင် အရောင်းပိတ်တာမျိုးတွေရှိတယ်။ တချို့ဆိုင်တွေဆိုရင် ဒီဇယ်မရဘူး၊ တချို့ဆိုင်တွေဆိုရင် 92 မရဘူး။ ဆိုင်ကယ်ဆိုရင် မရောင်းတာမျိုးတွေ ရှိတယ်။ လမ်းဘေးဆိုင်တွေမှာ ဝယ်မယ်ဆိုရင် တလီတာကို ၅,၀၀၀ ကျော် ပေးဝယ်နေရတယ်” လို့ ပြောပါတယ်။
မနေ့က စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့က 92 Ron တလီတာကို ကျပ် ၂,၆၀၀ ကျော်သာ ရှိပေမဲ့ ဒီနေ့ ရည်ညွှန်းဈေးမှာတော့ 92 Ron တလီတာကို ကျပ် ၂,၇၀၀ ကျော်အထိ မြင့်တက်လာပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ တလီတာ ကျပ် ၂,၉၀၀ နီးပါးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
Denko ဆီဆိုင်က ဆီဘောက်ဆာ ယာဉ်မောင်းတဦးက “သီလဝါကကန်တွေမှာ ဆီကရှိတယ်။ အခု ပြင်ပဒေါ်လာပေါက်ဈေးက ၅,၀၀၀ ကျော်ဆိုတော့ ကုမ္ပဏီတွေကို အစိုးရက ရည်ညွှန်းဈေးနဲ့ ဒေါ်လာမရောင်းပေးတော့ အပြင်က ဒေါ်လာဝယ်ပြီး ဆီပြန်ဝယ်ရင် သူတို့အရှုံးပေါ်မှာဆိုတော့ ဆီကို မဝယ်ဘဲ ရပ်ထားတာ။ အခုတော့ အစိုးရနဲ့ ညှိနေတယ် ကြားတယ်” လို့ ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာတော့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီဝယ်ဖို့ ဒီနေ့မနက်ပိုင်း တန်းစီနေတဲ့ ကားတန်းအရှည်ဟာ မိုင်ချီရှည်လျားနေပါတယ်။
ရန်ကုန်က တချို့ဆိုင်တွေမှာ ဆီမရှိတော့လို့ အရောင်းရပ်ထားရပေမဲ့ ကားတွေကတော့ တန်းစီနေကြဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီပြတ်လပ်တာတွေဟာ အခုအခါနဲ့ဆိုရင် ၃ ကြိမ်အထိ ဖြစ်ပေါ်နေတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းတွေလည်း တည်ငြိမ်မှုမရှိဘဲ စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးနဲ့ ပြင်ပပေါက်ဈေးတွေဟာ ထက်ဝက်ခန့် ကွာဟနေပါတယ်။