Home
မြန်မာသတင်း
စက်သုံးဆီရှားသည့် ပြဿနာ တကျော့ပြန်ဖြစ်လာပြီး တန်းစီဝယ်ယူနေရ
DVB
·
July 30, 2024
oil(30072024)

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်‌အချို့မှာ ဇူလိုင် ၂၉ ရက်ကစပြီး ဓာတ်ဆီ ၉၂  နဲ့ ၉၅  အမျိုးအစားတွေ ပြတ်လပ်နေတာကြောင့် မော်တော်ယာဉ်‌တွေ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရတယ်လို့ မော်တော်ယာဉ်ပိုင်ရှငေတွေနဲ့ အဌားယာဉ်မောင်းတွေက ပြောပါတယ်။

“ဘာလို့လဲတော့မသိဘူး မနေ့ကတည်းက ဝယ်တဲ့ကားတွေ များလို့ တန်းစီခဲ့ရတယ်။ ဒီနေ့လည်း တန်းစီဝယ်နေကြတုန်းပဲ” လို့ ရန်ကုန်မြို့ခံ မော်‌တော်ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၃၀ ရက်မှာ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်တဲ့ ရည်ညွှန်းလက်လီဈေးနှုန်းတွေကတော့ ၉၂ တလီတာကို  ၂၆၃၀ ကျပ်၊ ၉၅ တလီတာကို ၂၇၅၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာကို ၂၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာကို ၂၃၆၅ ကျပ် ဖြစ်ပါတယ်။

ပြည်တွင်းမှာ ကျပ်‌ငွေတန်ဖိုးထိုးဆင်းပြီး နိုင်ငံခြားငွေဈေးနှုန်း ဆက်တိုက်မြင့်တက်နေပေမဲ့ စက်သုံးဆီ တလီတာသတ်မှတ်‌ဈေးတွေက ပြီးခဲ့တဲ့ သတင်းပတ်ထက် ၅၅ ကျပ်ဝန်းကျင် ကျဈေးဆင်းလာတာ တွေ့ရပါတယ်။

“ဆိုင်တွေက ဒေါ်လာဈေးတက်ပြီး ဆီဈေးကျတော့  မရောင်းချင်တာ ထင်ပါတယ်။ တချို့ဆိုင်တွေ ပိတ်ထားတာ တွေ့တယ်” လို့ အငှားယာဉ်‌မောင်းလုပ်ကိုင်သူတဦးက  ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ပေါက်ကြားလာတဲ့ စက်သုံးဆီအသင်းရဲ့ အစည်းအဝေး မှတ်တမ်းအရ စက်သုံးဆီတင်သွင်းသူတွေက သူတို့အနေနဲ့ စစ်ကောင်စီက သတ်မှတ်တဲ့ ဆီဈေးနဲ့ ရောင်းနေရလို့ အရှုံးပေါ်နေတာကြောင့် ဆီဈေးပြင်ဆင်သတ်မှတ်ပေးရေး တောင်းဆိုဖို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ ဆီတင်သွင်း‌သူ‌တွေကို ဒေါ်လာတွေ ထုတ်ရောင်းပေးပြီး ဆီဈေးကိုလည်း   စင်ကာပူ MOPS ဈေးနှုန်းအပေါ် အခြေခံပြီး ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးနဲ့ တွက်ချက်  သတ်မှတ်ပါတယ်။

ဒါပေမဲ့ ဆီတင်သွင်းသူတွေကတော့ အဲဒီဒေါ်လာဈေးနှုန်းဟာ ဘယ်မှာမှ ဝယ်မရတဲ့ ဈေးနှုန်းဖြစ်နေတာကြောင့် ဆီဈေးပြင်ဆင် သတ်မှတ်စေချင်နေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013